ဂျိုဟန်နက်စ်ဘာ့ဂ်၊ဖေဖော်ဝါရီ ၂၁
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ ကျင်းပသည့် G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြင်ပ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဂျေးရှန်ကာတို့တွေ့ဆုံခဲ့ကြောင်းသိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ယမန်နှစ်ကရုရှားနိုင်ငံခါဇန်ဒေသ၌ပြုလုပ်ခဲ့သည့် ရုရှားသမ္မတပူတင်နှင့်အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့တွေ့ဆုံမှုအတွင်းချမှတ်ခဲ့သည့် နှစ်ဖက်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကိုပြန်ပြောင်းပြောကြားခဲ့သည်။
ယခုတွေ့ဆုံမှုအတွင်း၌လည်း တရုတ်နှင့်အိန္ဒိယတို့သည် ရှေးကျသည့်ယဉ်ကျေးမှုများနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အလျောက် အချင်းချင်းကြား ယုံကြည်မှုဖြင့်ပံ့ပိုးကူညီပြီး အောင်မြင်အောင် ကူညီဆောင်ရွက်သင့်သည်ဟုလည်း နှစ်ဖက်သဘောတူခဲ့ကြသည်ဟုသိရသည်။
အပြန်အလှန်ယုံကြည်မှု ပြန်လည်ထူထောင်ရေးနှင့် နှစ်ဖက်အကျိုးရှိပူးပေါင်းဆောင်ရွက်မှုများရရှိရေးသည် နှစ်နိုင်ငံပြည်သူများ၏ ဘုံမျှော်မှန်းချက်များဖြစ်ပြီးနှစ်ဖက်ခေါင်းဆောင်များ ရရှိထားသည့်သဘောတူညီမှုကိုလိုက်နာကာ နှစ်နိုင်ငံဆက်ဆံရေးသည်လမ်းကြောင်းမှန်ပေါ်၌ ဆက်လက်တည်ရှိနေရန်လိုအပ်သည်ဟုလည်းဆိုသည်။
အိန္ဒိယနှင့်တရုတ်ကြား အပြန်အလှန်ယုံကြည်မှု ထူထောင်ခြင်းသည် နှစ်ဖက်လုံး၏အကျိုးစီးပွားကို ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း ဂျေးရှန်ကာကဆိုပြီးအိန္ဒိယသည် ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက် ပူးပေါင်းဆောင်ရွက်ရေး ယန္တရားပြန်လည်စတင်နိုင်ရန် တရုတ်နှင့်လက်တွဲလုပ်ဆောင်ရန်အသင့်ရှိကြောင်းလည်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ
