တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးအတွက် အခြေခံဖြစ်သော နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတွင် မန္တလေးမြို့အနေဖြင့် မူလအနေအထားအတိုင်း ပြန်လည်ရရှိနေပြီဖြစ်၍ နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကပြောသည်။
ထိုအပြင် ရွေးကောက်ပွဲကျင်းပရေး စီမံဆောင်ရွက်နေမှုများတွင် ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန် နှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး တစ်နည်းအားဖြင့် စစ်မှန်သည့် ဒီမိုကရေစီစနစ် ထွန်းကားပေါ်ပေါက်လာစေရေးအတွက် ပြည်သူတစ်ရပ်လုံးက အသိပညာရှိမှု၊ စည်းကမ်းနားလည်လိုက်နာမှု၊ စာနာမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုတို့နှင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်၄င်း ကပြောသည်။
ယမန်နေ့ ဇူလိုင် ၂၇ ရက်နေ့က မန္တလေးမြို့မှာ ကျင်းပသည့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေးပွဲမှာ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
သဒ္ဓါတရားထက်သန်သည့် မြန်မာလူမျိုးများဖြစ်သည့်အတိုင်း အားနည်းသူကို ဝိုင်းကူသည့်ပုံစံဖြင့် စာနာဖေးမမှုများဖြင့် ရိုင်းပင်းကူညီဆောင်ရွက်ကြရန်၊ အနာဂတ်မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များတွင်လည်း ပူးပေါင်းပါဝင်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
Photo-MRTV
