ယနေ့ ကျရောက်သည့် ၇၈ နှစ်ပြည့် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မြန်မာအခြေစိုက် သံရုံးများကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်သည်။
ဗြိတိသျှသံရုံး၊ အမေရိကန်သံရုံးနှင့် ဩစတြေးလျသံရုံးများက ဝမ်းနည်းကြောင်းထုတ်ပြန်ချက် အသီးသီးထုတ်ပြန်ထားသည်။
အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကျဆုံးလေပြီးသော ခေါင်းဆောင်ကိုးဦးကို အမေရိကန်ပြည်ထောင်စုက အောက်မေ့ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။
သြစတြေးလျသံရုံးကလည်း ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၌ ကျဆုံးခဲ့သောအာဇာနည်ပုဂ္ဂိုလ်ကိုးဦးကို အလေးအမြတ်ပြုပြီး မြန်မာပြည်သူများနှင့်တကွ ပိုမိုတောက်ပသောအနာဂတ်အတွက်ကြိုးပမ်းနေကြသူအားလုံးအား လေးစားဂါရဝပြုပါကြောင်း ထုတ်ပြန်ထားသည်။
ထိုနည်းတူ အာဇာနည်ခေါင်းဆောင်များ၏ အမွေအနှစ်များက ငြိမ်းချမ်းရေး၊ သွေးစည်းညီညွတ်ရေးနှင့် တရားမျှတမှုများကို ကြိုးပမ်းအားထုတ်ရာ၌ လူသားအားလုံးအတွက် စိတ်ဓါတ်ခွန်အားများ ဆက်ပေးနေကြောင်း ထုတ်ပြန်ဖော်ပြထားသည်။
