ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် တင်သွင်းထားသည့် “အာဆီယံဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) ကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းချက်အဆို” ကို လာမည့် ဇူလိုင်လ ၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ရန် လျာထားကြောင်းယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းဝေးတွင် နာယက က ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါအဆိုကို ဇွန်လ ၂၆ ရက်နေ့က စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ အာဆီယံ၏ လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်တွင်းရေးကို စွက်ဖက်နေကြောင်း၊ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသည့် ပကတိနိုင်ငံရေးအခြေအနေများနှင့် ကိုက်ညီမှုမရှိတော့သဖြင့် ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း ထည့်သွင်းဆွေးနွေးထားသည်။
၎င်းအဆိုအပေါ် ထောက်ခံဆွေးနွေးရန် ကြံဖွတ်ပါတီနှင့် တပ်မတော်သားကိုယ်စားလှယ်များအပါအဝင် လွှတ်တော်အမတ် ၃၀ နီးပါး စာရင်းပေးထားသည့်အတွက် ဇူလိုင် ၂ ရက်နှင့် ယနေ့ (ဇူလိုင် ၇ ရက်) အစည်းအဝေးများတွင် ရက်ခွဲပြီး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“ထုတ်ပြန်ချက်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး၏ ထုတ်ပြန်ချက်မဟုတ်ဘဲ အာဆီယံ ဥက္ကဌ ၏ နောက်ဆက်တွဲထုတ်ပြန်ချက်သာဖြစ်တယ် “ ဟုလည်း ယနေ့ဆွေးနွေးသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညဏ်ထွန်း ကပြောသည်။
အဆိုကို ဇူလိုင် ၉ ရက်နေ့ အစည်းအဝေးတွင် သက်ဆိုင်ရာပြည်ထောင်စုအဆင့်က ဆွေးနွေးပြီး လွှတ်တော်ဆုံးဖြတ်ချက် ကို ချမှတ်မည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုလွှတ်တော်နာယက က ကြေညာခဲ့ခြင်းဖြစ်သည်။
