အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၅၀၀ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးမှ သိရသည်။
ဇွန်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ တို့တွင် နေပြည်တော်နှင့် မန္တလေးမြို့၌ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါစားနပ်ရိက္ခာများသည် ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြေရှင်းပေးကာ တတ်နိုင်သမျှ အမြန်ဆုံး ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီးနောက် တရုတ်အစိုးရသည် ကယ်ဆယ်ရေးအဖွဲ့ဝင်၊ ကယ်ဆယ်ရေးပစ္စည်းနှင့် အလှူငွေများစသဖြင့် စုစုပေါင်းယွမ်ငွေ ၁.၁ ဘီလီယံကို အမြန်ဆုံးပေးအပ်ခဲ့ကြောင်း၊ လှူဒါန်းသောဆန်များကို မြန်မာနိုင်ငံတွင် နှစ်နေရာခွဲ၍ ဖြန့်ဖြူးမှုသည် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို တစ်ဖန် သက်ဝင်လှုပ်ရှားစွာ သက်သေပြခဲ့ကြောင်းသံမှူး Mr. Ouyang Daobing က ထောက်ပြပြောဆိုခဲ့သည်။
အဆိုပါ စားနပ်ရိက္ခာအကူအညီသည် မြန်မာနိုင်ငံရင်ဆိုင်နေရသည့် ငလျင်အခက်အခဲများကို ဖြေလျှော့ပေးမည်ဖြစ်ပြီး ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်အစိုးရ၏ လေးနက်သော ကတိကဝတ်ကို ထင်ဟပ်ပေါ်လွင်စေကြောင်း APTERR အထွေထွေမန်နေဂျာက ပြောသည်။