နေပြည်တော်၊ ဩဂုတ် ၁
အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍကို ပိုမိုအားကောင်းစေရေးနှင့် မြန်မာ-အာဆီယံ ပုံမှန်ဆက်ဆံရေး ပြန်လည်တိုးတက်စေရေးအတွက် “အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍအပေါ် ပြန်လည်သုံးသပ်ခြင်း” ဆိုင်ရာ ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန၌ ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အာဆီယံ၏ မဏ္ဍိုင် (၃) ရပ်နှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ Naypyitaw State Academy၊ ရန်ကုန်တက္ကသိုလ်တို့မှ အာဆီယံဆိုင်ရာ ပညာရှင်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာ-အာဆီယံ ပုံမှန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ရာတွင် ရင်ဆိုင်ရနိုင်သည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် လက်တွေ့ကျသော နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည့်အပြင် “အာဆီယံအတွင်း မြန်မာနိုင်ငံ၏ (၂၉) နှစ်တာခရီးစဉ်” ခေါင်းစဉ်ဖြင့် ၁၉၉၇ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံ၏ အာဆီယံအတွင်း ပါဝင်ဆောင်ရွက်ခဲ့မှုများနှင့် တိုးတက်ဖြစ်ပေါ်မှုများကိုလည်း ပြန်လည်သုံးသပ်ခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ညှိနှိုင်းရေးမှူးတာဝန်များကို အလှည့်ကျ ထမ်းဆောင်ခဲ့မှုများ၊ တာဝန်သိ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်ခဲ့မှုများနှင့် လက်ရှိ အပြုသဘောဆောင် ထိတွေ့ဆက်ဆံရေးများကို ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်မည့် Way Forward နှင့် Roadmap ကိုလည်း တင်ပြဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ထိရောက်စွာ မြှင့်တင်နိုင်မည့် ရေရှည်မဟာဗျူဟာများ ချမှတ်နိုင်ရေးနှင့် အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍကို ပိုမိုခိုင်မာစေရန် လက်တွေ့ကျသည့် မူဝါဒဆိုင်ရာ အကြံပြုချက်များ ရရှိရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
