ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ် အမှတ် (၁၅) အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသူ ကျောင်းသား ၅၀ ခန့်သည် အစားအစာ၊ အမှိုက်များ၊ သစ်ရွက်ခြောက်များနှင့် မြေဆီလွှာများကို ၎င်းတို့၏ ဥယျာဉ်အတွက်မြေဆွေးအဖြစ် မည်သို့ပြောင်းလဲအသုံးပြုနိုင်ကြောင်း သင်ယူခဲ့ကြသည်။
အဆိုပါ သင်ခန်းစာသည် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက စီစဉ်သည့် ပတ်ဝန်းကျင်အသိပညာပေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ဘိုကာရှီ မြန်မာ (Bokashi Myanmar) နှင့် ပူးပေါင်း၍ သြဂဲနစ် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုရန် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည်။
အမှိုက်ခွဲခြင်းစနစ် “အစို၊ အခြောက်နှင့်အန္တရာယ်ရှိသော အမှိုက်ပုံးသုံးပုံးခွဲခြားခြင်း၊ အမှိုက်ကိုမြေဆွေးဖြစ်အောင် လုပ်နည်းတို့ကိုသင်ကြားကြသည်။
ကျောင်းသည် ၃ နှစ်တာကာလအတွင်း ခရိုင်အဆင့် “သန့်ရှင်း စိမ်းလန်းမှု” ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုများ နှစ်ကြိမ်တိုင်ရရှိခဲ့သည်။ ပုလင်းများ၊ ကတ်ထူပြား သို့မဟုတ် တူချောင်းများကို စွန့်ပစ်မည့်အစား ကျောင်းသားများသည် ၎င်းတို့အား လက်မှုပညာနှင့် စာသင်ခန်းသုံးကိရိယာများအဖြစ် ပြန်လည်ပုံဖော်ကြသည်။
“စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုခြင်းနှင့် တန်ဖိုးမြှင့်အသုံးချခြင်းတို့ကို လေ့လာသင်ယူပြီးနောက် ကျောင်းသားတို့၏ အကျင့်စရို-က်အလေ့အထများတိုးတက်လာသည်” ဟု ကျောင်းအုပ်ကြီးဒေါ်ချောစုထွေးက ပြောသည်။ “သူတို့က အမှိုက်တွေကို ဂရုတစိုက်ခွဲထုတ်တယ်၊ အဖွဲ့လိုက်လုပ်တယ်၊ အိမ်မှာတောင် ပြန်လည်အသုံးချခြင်းနှင့် တန်ဖိုးမြှင့်အသုံးချခြင်းတို့ကို လေ့ကျင့်ကြတယ်။ ကျောင်းသားတွေက ဒီလိုဖန်တီးမှု အလုပ်ကိုလုပ်ရတာ ပျော်နေကြတယ်” ဟု၄င်းက ဆိုသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်မိုးက အဆိုပါ အစီအစဉ်သည် ကျောင်းများမှ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများဆီသို့ ပျံ့နှံ့သွားစေရန် ရည်ရွယ်ထားကြောင်း သိရသည်။
“ကျွန်တော်တို့ရဲ့ အသိပညာပေးအစီအစဉ်နဲ့ မြေဆွေးပြုလုပ်ခြင်းလုပ်ငန်းတွေက အမှိုက်တွေကို စနစ်တကျ ခွဲထုတ်ဖို့ ရည်ရွယ်ပါတယ်။ ” ဟု ၎င်းက ပြောသည်။
လူတိုင်းကလည်း မလိုအပ်ဘဲသုံးခြင်းကိုမလုပ်သည့် Refuse၊ ပြန်လည်အသုံးပြု၍ရသည့်ပစ္စည်းကိုပြန်သုံးသည့် Reuse၊ လိုအပ်သလောက်လေးပဲလျော့သုံးခြင်း Reduce၊ ပြန်လည်ပြုပြင်သုံးစွဲခြင်း Recycle အစရှိသည့် R’s များကို နိုင်ငံသားအားလုံးကသတိနှင့် စွဲမြဲအောင်လုပ်ရတော့မည့်အချိန်ဖြစ်သည်။
Ref: ရှင်းဟွာ
