အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေလွှမ်းမိုးမှုနှင့် မီးတောင်မှ ချော်ရည်အေးများ စီးဆင်းမှုကြောင့် လက်ရှိအချိန်အထိ သိရသော စာရင်းများအရ အနည်းဆုံး လူ ၃၇ ဦး သေဆုံးပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရှာဖွေကယ်ဆယ်ရေး တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ ချော်ရည်အေးများသည် စိုစွတ်သော ရာသီဥတုတွင် မီးတောင်၏ တောင်စောင်းများတွင် စီးဆင်းနေသော ပြာများ၊ သဲနှင့် ကျောက်စရစ်ခဲများကဲ့သို့သော အရာများပါရောနှောလျှက် လူနေဒေသများအကြား ဖြတ်သန်းစီးဆင်းနေခြင်းဖြစ်သည်။
အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးအေဂျင်စီမှ မျှဝေထားသည့် ဓာတ်ပုံများတွင် ဆူမားတြားအနောက်ပိုင်းရှိ အသက်ဝင်နေဆဲ မီးတောင်ဖြစ်သည့် မာရာပီတောင်ခြေအနီးရှိ လမ်းများနှင့် တောင်စောင်းကျေးရွာများတွင် ရွှံ့နှင့် ပြာများ တစ်စိတ်တစ်ပိုင်း ဖုံးလွှမ်းနေပုံကို တွေ့ရသည်။
မီးတောင်ပြိုကျမှုကြောင့် အိမ်ရာ ၈၄ လုံးနှင့် တံတား ၁၆ စင်း ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေ ၁၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး ရွာသူရွာသားများ မျောပါသွားခဲ့ကာ ခရိုင်လေးခုတွင်လည်း ထပ်မံရေကြီးခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးအေဂျင်စီက ပြောကြားသည်။
မိုးရွာသွန်းမှုနှင့် မီးတောင် ရွှံ့မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၃၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးအေဂျင်စီမှ ဆက်သွယ်ရေးအရာရှိ အဘ္ဘဒူမူဟာရီက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပြီး ရုပ်အလောင်း ၃၅ လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

