မန္တလေးငလျင်ကြီးကြောင့် လမ်းပိုင်းများ ပျက်စီးခဲ့ရသည့် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး၏ ပျက်စီးမှူများကို ယာယီသွားလာနိုင်ရန် ပြင်ဆင်ပေးထားပြီ ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြင်ဆင်ပေးရာတွင် မိုင်တိုင်အမှတ် (၃၅၈/၂) ရှိ ဒုဋ္ဌဝတီတံတားမှအပ ကျန်လမ်းပိုင်းများကို ပြင်ဆင်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် ယာယီပြင်ဆင်ထားသည့် လမ်းပိုင်းများတွင် ခွင့်ပြုသတ်မှတ်မိုင်နှုန်းများအတိုင်းမောင်းနှင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ကပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့် ရှုစစ်ဆေးစဉ် တိုက်တွန်းပြောကြားထားသည်။
မတ် (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် ကွန်ကရစ်လမ်းပိုင်းများ ကျိုးကြေပျက်စီးသည့်နေရာ (၂၈၃) နေ ရာ၊ လမ်းသားမပျက်စီးသော်လည်း လှိုင်းတွန့်များ ဖြစ်ပေါ်သဖြင့် မျက်နှာပြင်ညှိ၍ ပြင်ဆင်ရမည့်နေရာ (၁၈၅) နေရာအထိ ရှိခဲ့ကြောင်း သိရသည်။