ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု အခက်အခဲများကြားတွင် တည်တည်ငြိမ်ငြိမ်ရှိကြရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က အစိုးရအရာရှိများကို တိုက်တွန်းလိုက်ပြီး ပေကျင်းအနေဖြင့် ထရမ့်ပ်အစိုးရအဖွဲ့၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်အသစ်များကို ချိန်ဆကာ ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် “ပြည်တွင်းနဲ့ နိုင်ငံတကာ အခြအနေ အပြောင်းအလဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို နိုင်ငံရေးစွမ်းရည်ကို မြှင့်တင်ပြီး တည်တည်ငြိမ်ငြိမ် တုန့်ပြန်ရပါမယ်” ဟု ပေါ်လစ်ဗျူရို နှင့် နိုင်ငံတော်ကောင်စီ ပါတီဝင်များအပါအဝင် ထိပ်တန်းအရာရှိများကို ရှီက ပြောကြားခဲ့သည်ဟု အစိုးရပိုင် ရှင်းဟွာသတင်းဌာနက ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် သူ၏ ဒုတိယသက်တမ်းအတွင်း တရုတ်နိုင်ငံအပေါ် အပြင်ထန်ဆုံးသော လုပ်ဆောင်ချက်များ ဆောင်ရွက်နေပြီး မကြာမီတွင် ဆက်ဆံရေး ပိုမိုဆိုးဝါးလာနိုင်သည့် အလားအလာများနေချိန်တွင် ရှီ၏ ပြောဆိုချက်ထွက်လာခြင်းဖြစ်သည်။
ဝါရှင်တန်သည် နည်းပညာနှင့် စွမ်းအင်ကဲ့သို့ အမေရိက၏ မဟာဗျူဟာကဏ္ဍများတွင် တရုတ်အသုံးစရိတ်ကို ကန့်သတ်ကာ ဖိအားတိုးမြှင့်ခဲ့ပြီး တရုတ်သွင်းကုန်များအပေါ် ၎င်းတို့၏ အခွန်စည်းကြပ်မှုကို တိုးမြှင့်ရန် မက္ကဆီကိုကို တိုက်တွန်းနေသကဲ့သို့ တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် တရုတ်လုပ် ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကို အခကြေးငွေကောက်ခံရန် တွန်းအားပေးနေသည်။
ထို့အပြင် အိမ်ဖြူတော်သည် ပေကျင်း၏ နည်းပညာတိုးတက်မှုကို တားဆီးရန် ရည်ရွယ်၍ တစ်ပိုင်းလျှပ်ကူးပစ္စည်းများအပေါ် ကန့်သတ်ချက်များကို တင်းကြပ်နေကာ တရုတ်၏ ချစ်ပ်လုပ်ငန်းအပေါ် ကိုယ်ပိုင် ကန့်သတ်ချက်များ တိုးမြှင့်လုပ်ဆောင်ကြရန် အဓိကမဟာမိတ်များကိုလည်း တိုက်တွန်းနေသည်ဟု Bloomberg သတင်းက ဖော်ပြခဲ့သည်။
တင်းမာမှုများလာသောကြောင့် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများကို တုန်လှုပ်စေခဲ့ပြီး တရုတ်စတော့ရှယ်ယာများ တန်ဖိုးကျဆင်းသွားခဲ့သည်။
“ကျွန်တော်အမြင်အရတော့ အမေရိက,က တရုတ်နဲ့ တိုက်ဖို့ ဆန္ဒပြင်းပြနေပေမယ့် တရုတ်က တုပ်တုပ်တောင်မလှုပ်ပါဘူး” ရှန်ဟိုင်းအခြေစိုက် အတိုင်ပင်ခံကုမ္ပဏီ Z-Ben Advisor အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာ ပီတာ အလက်ဇန်းဒါးက ဖေဖော်ဝါရီ ၂၆ ရက်တွင် Bloomberg TV သို့ ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်