အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို တိုက်ခိုက်မယ့် အစီအစဉ်ကို “ဖျက်သိမ်းလိုက်ပြီ” လို့ပြောကြားလိုက်ပြီး သဘောတူညီချက်အသစ်တစ်ခု ရဖို့ နီးစပ်နေပြီလို့လဲ အရိပ်အမြွက် ပြောလာပါတယ်။
တကယ်တော့ ကြာသပတေးနေ့ မနက်ပိုင်းတုန်းက ထရမ့်ဟာ အီရန်ကို “ဒီညမှာ အပြင်းအထန်” ထပ်မံတိုက်ခိုက်မယ်၊ အီရန်ရဲ့ အဓိက ရေနံတင်ပို့ရာကျွန်းဖြစ်တဲ့ ခါ့ဂ်ကျွန်း (Kharg Island) ကိုတောင် သိမ်းပိုက်ကောင်း သိမ်းပိုက်နိုင်တယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။
ဒါပေမဲ့ တစ်နေ့တာအတွင်းမှာပဲ အခြေအနေတွေက အခုလို ပြောင်းလဲသွားတာဖြစ်ပါတယ်။
ထရမ့်ရဲ့ အဆိုအရ အီရန်အစိုးရနဲ့ ဆွေးနွေးမှုတွေဟာ အီရန်ခေါင်းဆောင်ပိုင်းရဲ့ အမြင့်ဆုံးအဆင့်အထိ ရောက်ရှိသွားပြီး သူတို့ဘက်ကလည်း အတည်ပြုချက် ပေးပြီးပြီလို့ သိရပါတယ်။
အိမ်ဖြူတော်ရဲ့ သမ္မတရုံးခန်းမှာ ထရမ့်က ဆက်ပြောတာကတော့ “ဒီဆွေးနွေးမှုတွေရဲ့ အဓိကအချက်တွေနဲ့ အသေးစိတ်အချက်အလက်တွေကို သက်ဆိုင်တဲ့သူအားလုံးက သဘောတူ အတည်ပြုထားပြီးသားပါ” တဲ့။
ဒါပေမဲ့ အီရန်ဘက်ကတော့ သဘောတူညီချက်က အပြီးသတ်မရသေးဘူးလို့ ဆိုပါတယ်။ ဒါတင်မကသေးဘူး အမေရိကန်သာ သူတို့ကို ထပ်ပြီး တိုက်ခိုက်မယ်ဆိုရင် “နှစ်ပေါင်းများစွာ ရုန်းထွက်နိုင်မှာမဟုတ်တဲ့ ရွှံ့နွံကြီးထဲ ပိတ်မိသွားလိမ့်မယ်” လို့လည်း အစောပိုင်းက သတိပေးထားပါသေးတယ်။
ဒီလို ထရမ့်ရဲ့ ရှေ့နောက်မညီတဲ့ ပြောစကားတွေကြောင့် အီရန်နဲ့ ဆွေးနွေးပွဲတွေရဲ့ တကယ့် အခြေအနေမှန်က ဘာလဲဆိုတာ မေးခွန်းထုတ်စရာတွေ ဖြစ်နေတယ်လို့ ဝါရှင်တန်အခြေစိုက် သတင်းထောက်က သုံးသပ်ထားပါတယ်။
