ထရမ့်ပ်အစိုးရအဖွဲ့သည် ၎င်း၏ နောက်ဆုံးအကောက်ခွန် စည်းကြပ်မှုတွင် အရှေ့တောင်အာရှနိုင်ငံများမှ ဆိုလာသွင်းကုန်များအပေါ် အခွန်သစ်များ ချမှတ်ခဲ့ရာ၌ အမြင့်ဆုံးသည် ၃၅၂၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။
တရုတ်နိုင်ငံထံမှ ထောက်ပံ့မှုများကို မမျှတစွာ အကျိုးခံစားခွင့်ရရှိနေသော ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ရှိ ဆိုလာထုတ်လုပ်သော ကုမ္ပဏီများသည် အမေရိကဈေးကွက်သို့ အလွန် ဈေးသက်သာသော ထုတ်ကုန်များကို အလုံးအရင်း ဖြင့် ရောင်းချနေခဲ့သည်ဟု စုံစမ်းစစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တနင်္လာနေ့က အခွန်သစ်များကို ကြေညာလိုက်ခြင်းဖြစ်သည်။
စည်းကြပ်ခွန်အသစ်များသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ ဖြည့်တင်းရေးကွင်းဆက်နှင့် ဈေးကွက်များကို ကပြောင်းကပြန်ဖြစ်စေခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ချမှတ်ထားခဲ့ပြီးဖြစ်သော အခြေခံအခွန်နှုန်းထား ၁၀ ရာခိုင်နှုန်းတွင် ထပ်တိုးကောက်ခံမည်ဖြစ်သည်။
အဆိုပါနိုင်ငံများရှိ တရုတ်ကုမ္ပဏီများသည် အမေရိကဈေးကွက်တွင် သဘာဝမကျသော ချိုသာသည့် ဈေးနှုန်းများဖြင့် ဆိုလာဆဲလ်များနှင့် ဆိုလာရွက်များကို အလုံးအရင်းဖြင့် ရောင်းချနေခဲ့သည်ဟု အမေရိကန်ဆိုလာထုတ်လုပ်သူများ၏ စွပ်စွဲချက်အရ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနက တစ်နှစ်ကြာ စုံစမ်းစစ်ဆေးမှုလုပ်အပြီးတွင် ယခု စည်းကြပ်ခွန်အသစ်များကို ချမှတ်လိုက်ခြင်းဖြစ်သည်။
သမ္မတ ထရမ့်ပ်၏ ပထမသက်တမ်းအတွင်းက တရုတ်ကုမ္ပဏီများစွာသည် အမေရိက၏ အခွန်စည်းကြပ်မှုများကို ရှောင်ရှားရန်အတွက် မကြာသေးမီနှစ်များအတွင်း အရှေ့တောင်အာရှသို့ လုပ်ငန်းများကို ပြောင်းရွှေ့ခဲ့ကြသည်။
အခွန်စည်းကြပ်မှုအသစ်များအရ ကမ္ဘောဒီးယားနိုင်ငံမှ ဆိုလာသွင်းကုန်များအပေါ် စည်းကြပ်ခွန် ကို ၃၅၂၁ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။ ယင်းသို့ဖြစ်ရခြင်းမှာ ယင်းနိုင်ငံသည် စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းပါဝင်ခြင်းကိုရပ်တန့်ခဲ့ခြင်းကြောင့်ဟု ကူးသန်းရောင်းဝယ်ရေးဌာနက ပြောသည်။
ဗီယက်နမ်ရှိ ကုမ္ပဏီများသည် အခွန်စည်းကြပ်မှု ၃၉၅ ဒဿမ ၉ ရာခိုင်နှုန်းကို ရင်ဆိုင်ရမည်ဖြစ်ကာ ထိုင်းနိုင်ငံမှ ကုမ္ပဏီများသည် ၃၇၅ ဒဿမ ၂ ရာခိုင်နှုန်း အခွန်စည်းကြပ်ခံရမည်ဖြစ်သည်။ တဖန် မလေးရှားနိုင်ငံတွင် နိုင်ငံတစ်ဝန်း နှုန်းထားများကို ၃၄ ဒဿမ ၄ ရာခိုင်နှုန်း အကောက်ခွန် သတ်မှတ်ထားသည်။
ဘလွန်းဘတ်ဂ်သတင်းဌာန၏ သတင်းများ အရ အမေရိကသည် ပြီးခဲ့သည့်နှစ်တွင် ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံတို့မှ ဆိုလာပစ္စည်းကိရိယာ ဒေါ်လာ ၁၂ ဒဿမ ၉ ဘီလျံဖိုး တင်သွင်းခဲ့ကြောင်း သိရသည်။
Ref: အင်န်ဒီတီဗီ