နီပေါ(၄)နိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲ ချန်ပီယံဆုရှင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယနေ့ဖေဖော်ဝါရီ (၂၈) ရက်၊ နံနက်(၁၁)နာရီအချိန်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုလ ဖေဖော်ဝါရီ(၂၆)ရက် ညနေ(၆) နာရီ (၄၅)မိနစ်အချိန်တွင် အိမ်ရှင်နီပေါအသင်းနှင့် ယှဉ်ပြိုင်ကစားကြရာ (၂)ဂိုး ဂိုးမရှိရလဒ်ဖြင့် ချန်ပီယံဖလားကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာအမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းသည် ပွဲဦးထွက် လက်ဘနွန်အမျိုးသမီးအသင်းဖြင့် ယှဉ်ပြိုင်ရာတွင် (၃)ဂိုးပြတ်ဖြင့် အနိုင်ရရှိထားသလို ဒုတိယအကျော့ကာဂျစ္စတန် လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ရာ၌ (၅)ဂိုးပြတ်ဖြင့် အနိုင်ရလဒ် ထွက်ပေါ်ခဲ့သည်။
ထို့နောက် အိမ်ရှင်နီပေါအသင်းနှင့် ပထမပွဲစဉ် ယှဉ်ပြိုင်ကစားခဲ့ကြရာ (၂)ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကြသည်။
ထို့ကြောင့် (၄)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ၏ စည်းမျဉ်အရ နောက်ဆုံး အမှတ်အများဆုံးရရှိခဲ့သည့် နီပေါနှင့် မြန်မာအသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရာ (၂)ဂိုး ဂိုးမရှိဖြင့် ချန်ပီယံဆု ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။