မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် ရေကူးပြိုင်ပွဲတွင် အားကစားသမား ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၂ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ (၄) ထပ်ဆောင် အားကစားသမားစားရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် အမျိုးသားအသင်း ၁၃ သင်းနှင့် အမျိုးသမီးအသင်း ၁၂ သင်းတို့မှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမား စုစုပေါင်း ၂၁၄ ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြိုင်ပွဲတွင် အမျိုးသားနှင့် အမျိုးသမီး အလွတ်ကူး မီတာ ၅၀၊ ၁၀၀၊ ၂၀၀ နှင့် ၄၀၀၊ ပက်လက်ကူး မီတာ ၅၀ နှင့် ၁၀၀၊ ရင်ဘောင်တန်းကူး မီတာ ၅၀ နှင့် ၁၀၀၊ လိပ်ပြာကူး မီတာ ၅၀ နှင့် ၁၀၀၊ တစ်ဦးချင်း လေးမျိုးကူး မီတာ ၂၀၀ နှင့် လွန်းပျံအလွတ်ကူး၊ လွန်းပျံလေးမျိုးကူး ၅၀ x ၄ မီတာ ပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ညှိနှိုင်းအစည်းအဝေးတွင် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီသည့် အားကစားသမားများကို ခေါ်ဆောင်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းများအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် ရေကူးပြိုင်ပွဲကို မည်သူမဆို လွတ်လပ်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
