ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာအဆင့်မှီ အနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတအား ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ရန်၊ ထိုသို့ တည်ဆောက်ရာ၌ အဆင့်မီသည့်ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များတင်ဆက်ပြသနိုင်သည့်အဆင့်ဖြစ်အောင် တည်ဆောက်ရန်၊ ယခု အနုပညာဗဟိုဌာနအား ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ခြင်းသည် မြန်မာ့ ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့်အနုပညာရပ်များ ဆက်လက်ထိန်းသိမ်းပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ရည်ရွယ်၍ နိုင်ငံတော်မှ အလေးထားဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ အနုပညာဗဟိုဌာန (ရန်ကုန်)တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်းကြည့်ရှုစစ်ဆေး၍ ဆက်လက်အကောင်အထည်ဖော်ဆောင် ရွက်သွားနိုင်မည့်အခြေအနေများကိုမှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာနများ တည်ဆောက်ခြင်းစီမံကိန်းများကို နိုင်ငံတော်အစိုးရမှ အမြန်ဆုံးဆက်လက်အကောင်အထည်ဖော်၍ မြန်မာ့ ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့်အနုပညာရပ်များဆက် လက်ထိန်းသိမ်းပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။