ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင်ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများအတွက်ကြိုတင်ပြင်ဆင်ခြင်း”ခေါင်းစဉ်ဖြင့် ငလျင်ကာလအလွန်နည်းပညာဆိုင်ရာဆွေးနွေးပွဲကို ယနေ့ ဇူလိုင် ၂၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပခဲ့သည်။
ဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍပါဝင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကကဏ္ဍမှ အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူ Developer များ၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းထုတ်လုပ်တင်သွင်းဖြန့်ဖြူးရောင်းချသူများ အပါအဝင် Stakeholder အကျိုးစီးပွားပါဝင်ပတ်သက်သူများအားလုံးမှ အနာဂတ်တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချလုံခြုံသောအခြေခံအဆောက်အအုံများဖန်တီးတည်ဆောက်ပေးနိုင်ရေးကို ဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးကြရန် တိုက်တွန်းပြောကြားသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဓာနကျသည့် တည်ဆောက်ရေးကဏ္ဍတွင် တည်ဆောက်သည့်အဆောက်အအုံများ၏ အရည်အသွေးပြည့်ဝပြီး ခိုင်ခံ့ကောင်းမွန်ရေးသည် အလွန်အရေးကြီးသည့်အချက်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
” မိမိတို့ထူထောင်တည်ဆောက်ထားတဲ့ အခြေခံ အဆောက်အအုံတွေဟာ ငလျင်ဒဏ်ခံနိုင်တဲ့ စံချိန်စံညွှန်းအရည်အသွေးတွေနဲ့ကိုက်ညီမှသာ မိမိတို့ပြည်သူတွေရဲ့ အသက်အိုးအိမ်ထိခို-က်ဆုံးရှုံးရတာတွေကို ထိရောက်စွာကာကွယ်နိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် ငလျင်ဒဏ်ခံနိုင်ရည်ရှိသော အဆောက်အအုံများတည်ဆောက်နိုင်ရန် မြန်မာနိုင်ငံရှိ တည်ဆောက်ရေးလုပ်ငန်းများ၏ ပကတိအခြေအနေနှင့် သတ်မှတ်ထုတ်ပြန်ထားပြီးဖြစ်သည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအတိုင်းအပြည့်အဝလိုက်နာဆောင်ရွက်ရန်လည်း နစက ဥက္ကဋ္ဌက မှာ ကြားခဲ့သည်။
