အစ္စရေးက အီရန်နိုင်ငံရှိ ပစ်မှတ်များကို စတင်တိုက်ခိုက်လိုက်ပြီးနောက် လေကြောင်းလိုင်းများသည် သောကြာနေ့အစောပိုင်းတွင် အစ္စရေး၊ အီရန်နှင့် အီရတ်နိုင်ငံ ဝေဟင်ပိုင်နက်များကို ရှောင်ရှားခဲ့ကြသည်ဟု Flightradar24 အချက်အလက်များက ဖော်ပြခဲ့ပြီး ခရီးသည်တင်လေကြောင်းလိုင်းများသည် ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ ဘေးကင်းရေးအလို့ငှာ လမ်းကြောင်းပြောင်းခြင်းနှင့် ခရီးစဉ်ဖျက်သိမ်းခြင်းများ ကတိုက်ကရိုက်လုပ်ဆောင်နေကြကြောင်း သိရသည်။
ကမ္ဘာတစ်ဝှမ်း တိုးပွားလာသော ပဋိပက္ခဇုန်များကြောင့် လေကြောင်းလိုင်း ပျံသန်းပြေးဆွဲမှုများနှင့် အမြတ်အစွန်းရရှိမှုအပိုင်းတွင် ပိုမိုဝန်ပိလာပြီး ဘေးကင်းလုံခြုံမှုအပိုင်းတွင်လည်း ပို၍စိုးရိမ်စရာဖြစ်လာသည်။
လေကြောင်းအန္တရာယ် အတိုင်ပင်ခံလုပ်ငန်း Osprey Flight Solution ၏ အဆိုအရ ၂၀၀၁ ခုနှစ်မှစကာ ကူးသန်းရောင်းဝယ်ရေးလေယာဉ် ခြောက်စင်းသည် မရည်ရွယ်ဘဲ ပ-စ်ချခံခဲ့ရပြီး သုံးစင်းသည် ပွတ်ကာသီကာ လွဲချော်မှုဖြစ်ခဲ့သည်ဟု ဆိုသည်။
တဲလာဗစ်ရှိ Ben Gurion လေဆိပ်ကို နောက်ထပ်ကြေညာချက် မထုတ်ပြန်မချင်း ပိတ်ထားခဲ့ပြီဖြစ်ကာ အီရန်၏ လက်တုန့်ပြန်တိုက်ခိုက်လာနိုင်ခြေအတွက် အစ္စရေးလေကြောင်းကာကွယ်ရေးတပ်များကို တပ်လှန့်မှုမြှင့်ထားသည်။
အစ္စရေးလေကြောင်းလိုင်း El AI လေကြောင်းလိုင်းက အစ္စရေး အသွားအပြန် ခရီးစဉ်များကို ရပ်ဆိုင်းထားကြောင်း ပြောဆိုခဲ့သည်။
အီရန်လေပိုင်နက်ကို နောက်ထပ်ကြေညာချက် မထုတ်ပြန်မချင်း ပိတ်ထားလိုက်ပြီဟု နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။
ဂျောဒန်နိုင်ငံကလည်း လေကြောင်းအားလုံးကို ၎င်း၏ လေပိုင်နက်အသုံးပြုခွင့်အား ပိတ်ပင်ခဲ့သည်။
လေယာဉ်ခရီးစဉ်ဖျက်သိမ်းခြင်းများ ရှိလာနိုင်ကြောင်းနှင့် ခရီးသည်များအနေဖြင့် လေဆိပ်သို့ မသွားမီ ၎င်းတို့ စီးနင်းမည့် လေယာဉ်ခရီးစဉ်များ၏ နောက်ဆုံးဖြစ်ရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာလေကြောင်းလိုင်းများကို စစ်ဆေးကြည့်ရှုကြရန် အဘူဒါဘီရှိ Zayed နိုင်ငံတကာလေဆိပ်က ၎င်းတို့၏ ဆိုရှယ်မီဒီယာအကောင့်တွင် အကြံပြုခဲ့သည်။
ဒူဘိုင်း၏ အမ်းမရိတ် လေကြောင်းလိုင်းက ၎င်းတို့၏ သောကြာနေ့ က အီရတ်၊ ဂျော်ဒန်၊ လက်ဘနွန်၊ အီရန် ခရီးစဉ်များကို ဖျက်သိမ်းလိုက်သကဲ့သို့ ကာတာလေကြောင်းလိုင်းကလည်း အီရတ်နှင့် အီရန် အသွားအပြန် ခရီးစဉ်များကို ဖျက်သိမ်းခဲ့သည်။
Wizz Air Abu Dhabi လေကြောင်းလိုင်းကလည်း အရှေ့အလယ်ပိုင်းတွင် ဒေသတွင်း တင်းမာမှုများ၏ အကျိုးသက်ရောက်နိုင်သော ဧရိယာများသို့ ပျံသန်းရန်စီစဉ်ထားသည့် သောကြာနေ့ လေကြောင်းခရီးစဉ်အတော်များများကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
Ref: အာရပ်နူးစ်