ဂျေရုဆလင်၊နိုဝင်ဘာ ၂၇
အစ္စရေးက ဟေဇ်ဘိုလာနှင့်အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို အင်္ဂါနေ့ညကအတည်ပြုခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက သတင်း ထုတ်ပြန်ကြေငြာခဲ့သည်။
ယခုအပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို အမေရိကနှင့်ပြင်သစ်တို့က ကြားဝင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါအစီအစဉ်သည် ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့နံနက်လေးနာရီတွင် စတင်အသက်ဝင်မည်ဖြစ်သည်ဟုလည်း အစ္စရေးနိုင်ငံပိုင်မီဒီယာက သတင်းကြေငြာခဲ့သည်။
လုံခြုံရေးဝန်ကြီးအဖွဲ့က အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို ထောက်ခံမဲဆယ်မဲဖြင့် ထောက်ခံခဲ့ပြီး လက်ယာစွန်းအမျိုးသားလုံခြုံရေးဝန်ကြီး အီတမာဗန်ဂါတစ်ဦးတည်းကသာ ကန့်ကွက်ခဲ့ခြင်းလည်းဖြစ်သည်။
အစ္စရေးအနေဖြင့် အပစ်အခတ်ရပ်စဲရေးအစီအစဉ်၌ အမေရိက၏ပူးပေါင်းပါဝင်မှုကို ကျေးဇူးတင်ပါကြောင်းနှင့် ယခုအပစ်အခတ်ရပ်စဲရေးသည် အီရန်၏ခြိမ်းခြောက်မှုများ၊ တပ်ဖွဲ့များပြန်လည်ဖြည့်တင်းရေးနှင့် လက်နက်ဖြည့်တင်းရန်လိုအပ်မှုများအပြင် ဂါဇာကမ်းမြောင်အရေးများကြောင့် လက်ခံခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးချုပ်နေတန်ယာဟုကပြောကြားခဲ့သည်။
ယင်းနောက် အမေရိကန်သမ္မတဘိုင်ဒင်ကလည်း အပစ်အခတ်ရပ်စဲရေးကိုကြိုဆိုကာ ရက် ၆၀ အတွင်း အစ္စရေးတပ်များ တဖြည်းဖြည်းပြန်လည်ဆုတ်ခွာကာ နှစ်ဖက်နိုင်ငံသားများသည်လည်း နေရပ်သို့အသီးသီးပြန်နိုင်တော့မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ
