အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်ရှိ ဓာတ်ခွဲခန်းနှင့် ရုံးအဆောက်အဦအချို့ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သဖြင့် ပြင်ဆင်နေသည့်အချိန်အတွင်း အချို့ဝန်ဆောင်မှုများကို ရန်ကုန်ရုံးခွဲသို့ ယာယီပြောင်းရွှေ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနခွဲ (ရန်ကုန်)သို့သွားရောက်၍ ငလျင်ဘေးဒဏ်သင့်လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် SUN Pharmaceutical Industry က လှူဒါန်းသောငွေကျပ်သိန်း (၃၀၀) ကိုလည်းကောင်း၊ The Korea Foundation for International Healthcare (KOFIH) အဖွဲ့က လှူဒါန်းသည့် ငွေကျပ်သိန်း (၃၀) ကိုလည်းကောင်း လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အင်အားပြင်းငလျင်ကြောင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(ရုံးချုပ်) နေပြည်တော်၏ ဓာတ်ခွဲခန်းနှင့်ရုံးအဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သဖြင့် ပြင်ဆင်နေသည့် အချိန်ကာလအတွင်း မူလလုပ်ငန်းများအရှိန် အဟုန်မပြတ်ဆောင်ရွက်နိုင်ရန် အချို့ဝန်ဆောင်မှုများကို ရန်ကုန်ရုံးခွဲသို့ ယာယီပြောင်းရွှေ့ကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အစားအသောက်နှင့် ဆေးဝါးများကို စစ်ဆေးဆောင်ရွက်ရာတွင် သတ်မှတ်ထားသော စံလုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ကြရသော်လည်း အခြားသောကြန့်ကြာနိုင်သည့် အကြောင်းရင်းများကို ရှာဖွေဆန်းစစ်ကာလုပ်ငန်းများ ယခုထက်ပိုမိုမြန်ဆန်စေရေးအတွက် ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက မှာ ကြားခဲ့ကြောင်းလည်း သိရသည်။