နိုင်ငံတော်၏ ဝန်ဆောင်မှုလုပ်ငန်းများကို နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုထမ်းခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအနေဖြင့် e-ID စနစ်လျှောက်ထားရာတွင် အကူအညီရယူနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနက ထုတ်ပြန်သည်။
လက်ရှိတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာထုတ်ယူရာတွင် မသမာသူများမှ ပင်စင်လစာများ လိ-မ်လ-ည်ထုတ်ယူခြင်းမှ ကင်းဝေးစေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် လူပုဂ္ဂိုလ် မှန်ကန်မှု ရှိ/မရှိ စိစစ်နိုင်ရေးနှင့် Centralized e-Pension စနစ်နှင့် e-ID စနစ်တို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား UID (Unique Identification) နံပါတ် ထုတ်ပေးရေးနှင့် လိုအပ်သည့်အကူအညီများ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ၂၀၂၄ ခုနှစ်မှ စတင်ကာ အထူးဦးစားပေး အစီအစဉ်အဖြစ် ဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်း သိရသည်။
ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအနေဖြင့် UID နံပါတ် လျှောက်ထားရယူရာတွင် အဆင်မပြေမှုများရှိပါက သက်ဆိုင်ရာမြို့နယ်ရုံးများတွင် အကူအညီတောင်းခံနိုင်ပါကြောင်းနှင့် e-ID Facebook စာမျက်နှာတွင်လည်း လိုအပ်သည့်အကူအညီများ ဆက်သွယ်တောင်းခံနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်သည်ဟု ဆိုထားသည်။
