ရသင့်ရထိုက်သည့် အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိအောင် အခွန်ကောက်ခံရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောသည်။
ယမန်နေ့က ပြုလုပ်သည့် ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ် အခွန်အရပ်ရပ် လျာထားချက်ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေး အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ရန်လိုအပ်ပြီး သို့မှသာ အခွန်ပေးဆောင်သူ ပြည်သူများက မိမိတို့ပေးဆောင်လိုက်သည့် အခွန်ငွေများသည် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အဓိကထားသုံးစွဲနေကြောင်းကို နားလည်လက်ခံလာကြမည်ဖြစ်ပြီး အခွန်ရုံးများအပေါ် ပိုမိုယုံကြည်လာကြမည်ဖြစ်ကြောင်းလည်း ဒေါက်တာကံဇော်က ပြောသည်။
သက်ဆိုင်ရာ အခွန်မှူးများအနေဖြင့် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် ကောက်ခံရန် လျာထားသည့် အခွန်အရပ်ရပ်လျာထားချက်များ ပြည့်မှီကျော်လွန်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း သိရသည်။
အဆိုပါ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ် အခွန်အရပ်ရပ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေးအစည်းအဝေးကို ယနေ့တွင် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
