ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နှင့် ဖုန်းပြောသည့်အသံဖိုင် ပေါက်ကြားမှုကြောင့် တရားရုံးက ရာထူးမှ ဆိုင်းငံ့ထား သော၀န်ကြီးချုပ် ပေတုံတန်၏ ကံကြမ္မာအဆုံးအဖြတ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ၁ လမှ ၃ လအထိ အချိန်ယူရဖွယ်ရှိသည်။လက်ရှိတွင် သူမသည် အစိုးရအဖွဲ့ထဲတွင် ယဥ်ကျေးမှုဝန်ကြီးအဖြစ် ရှိနေသည်။
“ကျွန်မရဲ့ ဝန်ကြီးချုပ်တာဝန်တွေဟာ ကံအကြောင်းမလှစွာ ဆိုင်းငံ့လိုက်ရပေမယ့် အစိုးရအဖွဲ့ဝန်ကြီးအနေနဲ့ ပထမဆုံးအကြိမ် ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရလို့ အရမ်းဝမ်းသာပါတယ်” ဟု ရာထူးမှဆိုင်းငံ့ခံထားရသော ဝန်ကြီးချုပ် ပေတုံတန် က ပြောကြားခဲ့သည်။
ယဉ်ကျေးမှုဝန်ကြီးအသစ်ဖြစ်လာသည့် ပေတုံတန်က ဝန်ကြီးဌာနသို့ ရောက်ရှိလာရာတွင် အရာရှိအများအပြားက ကြိုဆိုခဲ့ကြသည်။
ကမ္ဘောဒီးယား အထက်လွတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နှင့် ဖုန်းပြောဆိုမှုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းရှိမရှိ စီရင်ချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ဆိုင်းငံ့ထားခြင်းဖြစ်သည်။
ပေါက်ကြားလာသော အသံဖိုင်တွင် အငြင်းပွားဖွယ်ရာ ဝါကျမှာ
“အန်ကယ် (ဟွန်ဆန်) အနေနဲ့ အတိုက်အခံဘက်က သူတွေပြော တာကို နားမထောင်စေချင်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ အမှတ် ၂ တိုင်းမှူးနဲ့ သူ့လူတွေအားလုံးက အတိုက်အခံဖက်ကလူတွေပဲ”ဟူသော ဝါကျဖြစ်သည်။
ယင်းအချက်က ထိုင်းဝန်ကြီးချုပ်သည် ဟွန်ဆန်နှင့် တစ်ဖက်တည်းတွင် ရှိနေကြောင်းသက်သေပြနေသလို အမှတ် ၂ တိုင်းမှူးသည် ထိုင်းဝန်ကြီးချုပ်နှင့် ဟွန်ဆန်၏ ဆန့်ကျင်ဘက်ဖြစ်သည်ဟု ကောက်ယူ၍ရနေပါသည်။
သို့သော် ထိုင်းဘာသာစကားတွင် us (rao เรา) ဟူသော စကားလုံးကို ကျွန်ုပ်တို့ ဟူသော နာမ်စားအပြင် ကျွန်ုပ် ဟူသော နာမ်စားအဖြစ်လည်း သုံးနိုင်သည်။
(ဓာတ်ပုံ Yingyos Akmanachai မှ)
