ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငှက်ပျောတောလမ်းရှိ M-Brother (Straightex Co;Ltd)၏ အထည်ချုပ်စက်ရုံတွင် ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားရာ အချိန်(၈)နာရီခွဲကျော်ကြာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မီးလောင်မှုအား မွန်းတည့် ၁၂ နာ ရီ ၂၅ မိနစ်တွင် Level 1 အဆင့်၊ နေ့လည် ၁ နာရီ ၃ မိ နစ်တွင် Level 2 အဆင့်တို့ဖြင့် မီးသတ်ဌာနချုပ်မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေပြည်သာမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ထိစပ်မြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ငြှိမ်းသတ်ခဲ့ကြရာ နေ့လည် ၁ နာရီ ၃၈ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးထိန်းနိုင်ခဲ့ပြီးနောက် အပြီးသတ်ငြှိမ်းသတ်နိုင်ရန် မီးဆလိုက်များအသုံးပြု၍ ဆက်လက်ငြှိမ်းသတ်ခဲ့ကြရာ ည ၈ နာရီ ၅၈ မိနစ်တွင် အလုံးစုံမီးငြိမ်းသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။
မီးလောင်မှုကြောင့် အထည်ချုပ်စက်ရုံအဆောက်အအုံနှင့် အထည်အလိပ်များ၊ စက်ပစ္စည်းများမီးလောင်ဆုံး ရှုံးခဲ့သည့်အပြင် (၂)ဦးသေဆုံးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များတွင်လည်း ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် မီးခိုးမွှန်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
