မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောတွင်ကျေးရွာရှိ စိတ်ကျန်းမာရေး ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်းတွင် မေ (၇) ရက်နံနက် (၁၁) နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တောတွင်ကျေးရွာရှိ စိတ်ကျန်းမာရေး ဆေးရုံဝင်းအတွင်းရှိ (၆)ခန်းတွဲ ဝန်ထမ်းလိုင်းခန်း အခန်းအမှတ်(၁)တွင် အမျိုးသမီး (၁) ဦးသေဆုံးနေကြောင်း သတင်းအရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ စိတ်ကျန်းမာရေးဆေးရုံ၌ သူနာပြုဆရာမကြီးအဖြစ်လုပ် ကိုင်နေသော ဒေါ်လွင်လွင်မြတ်(၅၈)နှစ်ဖြစ်ကာ ပြင်ပဒဏ်ရာမရှိဘဲ မှောက်လျက်သေဆုံးနေခြင်းဖြစ်သည်။
စစ်ဆေးချက်အရ ရာသီဥတုပူ၍ အခန်းတံခါးအားအလုံပိတ်ထားပြီး မီးစက်နှိုးကာ အဲကွန်းဖွင့်ရာမှ မီးစက်မှထွက်သည့် မီးခို့ငွေ့များကို ရှူရှိုက်မိသဖြင့် အသက်ရှုကြပ်ပြီးသေဆုံးခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။
“ဆရာမကြီးက တစ်ယောက်ထဲနေတာပါ။ အခန်းကလုံနေတော့ မီးခိုးငွေ့တွေရှုမိပြီး သတိလစ်သွားရာကနေ သေဆုံးသွားခဲ့တာပါ။ ပြင်ပဒဏ်ရာတစ်ခုမှမရှိပါဘူး။ ဧည့်ခန်းကဆို ဖာခုံနဲ့စားပွဲခုံကြားမှာ မှောက်လျက်အနေ အထားနဲ့သေဆုံးနေတာပါ”ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား လောကပါလလူမှုကူညီရေးအသင်းမှ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပြီး မြစ်ငယ် ရဲစခန်းမှလည်း သေမှုသေခင်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
