ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ညောင်ခါးရှည်ကျေးရွာတွင် တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို Myanmar United Farmers Agricultural Co., Ltd ဟဲဟိုး အာလူးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့မှ ဇန်နဝါရီလ ၂၇ ရက်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း အာလူးစိုက်တောင်သူများ၏ မျိုးအာလူးလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်နှင့် အာလူးစိုက်ပျိုးရေးကဏ္ဍပိုမိုဖွံ့ဖြိုး တိုးတက်လာရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း မျိုးအာလူးများ အရည်အသွေးကျဆင်းမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်မှုမရှိစေရေး အတွက် မျိုးအာလူး အအေးခန်းသိုလှောင်ရုံများအဖြစ် နောင်တရားမြို့တွင် တန် ၂,၀၀၀ ဆံ့၊ ဟဲဟိုးမြို့တွင် တန် ၁,၀၀၀ ဆံ့၊ အောင်ပန်းမြို့တွင် တန် ၁,၃၀၀ ဆံ့၊ ပင်းတယမြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တန် ၈၅၀ ဆံ့ နှင့် ယခုထပ်မံဖွင့်လှစ်ခဲ့သည့် ကလောမြို့နယ် ညောင်ခါးရှည်ကျေးရွာတွင် တန် ၂,၀၀၀ ဆံ့တို့ကို ဖွင့်လှစ်ထားပြီး စုစုပေါင်း မျိုးအာလူး တန် ၇,၁၀၀ ကျော် သိုလှောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးတွင် အာလူးသီးနှံစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ရှမ်းပြည်နယ်အတွင်း ဧရိယာဧက အများဆုံးအဖြစ် ၆၀ ရာခိုင်နှုန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခု ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ဧက ၅၁,၅၄၀ စိုက်ပျိုးထားကြောင်း သိရသည်။

