လန်ဒန်၊ မေ ၄ ရက်
အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ ရေကြောင်းကုန်သွယ်မှု လုပ်ငန်းအဖွဲ့ က ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့က ၎င်းတို့၏ X လူမှုကွန်ရက်စာမျက်နှာရှိ ပို့စ်တစ်ခုတွင် ရေးသားဖော်ပြရာ၌ တနင်္ဂနွေနေ့ ဂရင်းနစ်စံတော်ချိန် ၁၉၄၀ နာရီခန့်တွင် အဆိုပါသင်္ဘောထံမှ သတင်းပေးပို့ချက်ကို လက်ခံရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။ အဆိုပါ သတင်းပို့ချက်အရ သင်္ဘောသည် ဟော်မုဇ်ရေလက်ကြားအနီးရှိ ယူအေအီး နိုင်ငံ ဖူဂျိုင်ရာ မြို့၏ မြောက်ဘက် ၁၄၄.၄၅ ကီလိုမီတာခန့်အကွာသို့ ခရီးနှင်နေစဉ်အတွင်း တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ရေနံတင်သင်္ဘောပေါ်ရှိ သင်္ဘောသားအားလုံးမှာ ဘေးကင်းကြပြီး ပတ်ဝန်းကျင်၌ ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်း ယူကေ ရေကြောင်းကုန်သွယ်မှု လုပ်ငန်းအဖွဲ့၏ သတိပေးချက်တွင် ဖော်ပြထားသည်။
အာဏာပိုင်များအနေဖြင့် အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလျက်ရှိပြီး ရေကြောင်းသွားလာနေသည့် သင်္ဘောများအနေဖြင့် သတိပြုသွားလာကြရန်နှင့် သံသယဖြစ်ဖွယ် လှုပ်ရှားမှုတစ်စုံတစ်ရာရှိပါက ယူကေ ရေကြောင်းကုန်သွယ်မှု လုပ်ငန်းအဖွဲ့ ထံ သတင်းပို့ရန် အဆိုပါအဖွဲ့က အကြံပြုထားသည်။
တနင်္လာနေ့တွင် ထွက်ပေါ်လာသော သတင်းများအရ ဗြိတိန်စစ်တပ်ကလည်း ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောတစ်စင်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ပြောကြားထားသည်ဟု ဆိုသည်။
Ref: ဆင်ဟွာ
