ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမှာ ယနေ့ ဇူလိူင်လ (၂၆) ရက်၊ နံနက်ပိုင်းမှစတင်ကာ လူနေရပ်ကွက်များအတွင်း ဝင်ရောက်လာခြင်းကြောင့် ပြောင်းရွှေ့မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြေပြင်ကယ်ဆယ်ရေးအဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက် လူနေအိမ်များအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် အဆိုပါရပ်ကွက်အတွင်းရှိ ဒေသခံ ရာနှင့်ချီကို ကူညီပြောင်းရှေ့ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါ ဒေသခံများအတွက် ကယ်ဆယ်ရေးစခန်း(၂)ခုဖွင့်လှစ်ပေးထားပြီး ရေဝင်ရောက်နေသည့် ရပ်ကွက်များအတွင်းရှိ ဒေသခံများကို ကယ်ဆယ်ရေးများ လုပ်ဆောင်ပေးနေရကြောင်း သိရသည်။
“အောင်နန်းမှာ ကယ်ဆယ်စခန်း(၂)ခု ဖွင့်ထားပါတယ်။ လောလောဆယ် ရေဝင်နေတဲ့ နှစ်ရပ်ကွက်ပေါင်း လူရာနဲ့ချီတော့ရှိမယ်။ စာရင်းတော့ အတိအကျမဟုတ်ဘူးပေါ့”ဟု ၎င်းက ရှင်းပြသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် (၃)ပေခွဲ အကျော်တွင်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း (၁)ပေခွဲခန့် မြင့်တက်လာနိုင်သည်ဟု မိုး/ဇလက အသိပေးထားသည်။
