မော်လမြိုင် – ချောင်းဆုံ သံလွင်မြစ်ကူး တံတားကို ယနေ့ ဩဂုတ်လ (၁၃) ရက်မှစတင်၍ ဖြတ်သန်းခွင့် အချိန်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း မော်လမြိုင်ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ တံတားဖြတ်သန်းချိန်ကို ယနေ့မှစ၍ နေ့စဉ် နံနက် (၆)နာရီမှ ည (၈)နာရီအထိသာ ဖြတ်သန်းခွင့်ပြုတော့ကြောင်း ဆိုသည်။
“လုံခြုံရေးအရပဲ ဖြစ်မှာပေါ့။ ချောင်းဆုံဘက်ကလည်း နာမည်ကြီးနေရာလေ။ ဖွင့်တဲ့အချိန်ဖြတ်ပေါ့။ ဒေသခံတွေကတော့ သွားလာရေး အချိန်လုသွားနေရတာပေါ့”ဟု ဆိုသည်။
မော်လမြိုင် နှင့် မုတ္တမ ဆက်သွယ်ထားသော မော်လမြိုင် သံလွင်တံတားကိုလည်း ပြီးခဲ့သည့် ဇူလိုင်လ (၁၆) ရက်က စတင်၍ နံနက် (၆)နာရီမှ ည (၈)နာရီအထိ ပြောင်းလဲ သတ်မှတ်ထားသည်။
ယခင်က အဆိုပါတံတားများကို နံနက် (၅)နာရီမှ ည (၉)နာရီအထိ ဖြတ်သန်းသွား လာခွင့်ပြုထားရာမှ အချိန်ကန့်သတ်လိုက်ခြင်းလည်းဖြစ်သည်။
