ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေဖြင့် သာသနာတော်ဆိုင်ရာဘွဲတံဆိပ်တော်ရရှိသည့် သံဃာတော် (၁၉) ပါး၊ သီလရှင် (၂)ပါးနှင့် လူပုဂ္ဂိုလ် (၂)ဦးတို့ကို သာသနာတော်ဆိုင်ရာဘွဲတံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲတံဆိပ်တော်များရရှိကြသည့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိင်း အစည်းအဝေးကို ဖေဖော်ဝါရီ (၂၆)ရက်က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
၎င်း အစည်းအဝေးတွင် သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းမည့် အခမ်းအနား၌ ဆရာတော်ကြီးများ အဆင်ပြေချောမွေ့စွာ အချိန်မီကြွရောက်နိုင်ရေးနှင့် ပြန်လည်ကြွရောက်နိုင်ရေး၊ သံဃာတော်များနှင့် သီလရှင်များအား ယာယီသီတင်းသုံးနိုင်ရေးတို့ကို စနစ်တကျ စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောကြားသည်။
ထို့ပြင် ဆွမ်းဆန်တော်များ ကြိုတင်လောင်းလှူနိုင်ရေး စနစ်တကျလက်ခံဆောင်ရွက်ခြင်းနှင့် စနစ်တကျ လောင်းလှူနိုင်ရေးတိုကို စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါ အစည်းအဝေးတွင် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားပေးခဲ့ကြောင်း သိရသည်။
