ခတ္တမန္ဒူ၊ စက်တင်ဘာ ၇
နီပေါနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ပြင်းထန်သောရေကြီးမှုအတွင်း ပျောက်ဆုံးသွားပြီး သေဆုံးပြီဟု ယူဆကာ မိသားစုဝင်များက ဈာပနအခမ်းအနား ပြုလုပ်ခဲ့သည့် ချန်ဒီကာ ကူမာရီ ရှာရက်စ်သာကို ၁၀ ရက်အကြာတွင် ပြိုကျနေသည့် နေအိမ်အတွင်းမှ အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
ရှာရက်စ်သာကို ရေဘေးဒဏ်အပြင်းအထန်ခံစားခဲ့ရသည့် ဘီထရာဝါတီရွာရှိ ပြိုကျနေသော နေအိမ်တစ်လုံးအတွင်း ရေနှင့်ရွှံ့များကြားရှိ လေဝင်လေထွက်ရရှိသည့် ကျဉ်းမြောင်းသောနေရာတစ်ခု၌ အသက်ရှင်လျက် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၅ ရက်တွင် ရဲအရာရှိ မာဟိန္ဒြာ ဒါနဲလ်နှင့် ကယ်ဆယ်ရေးအဖွဲ့က ၄၅ မိနစ်ခန့် ရှာဖွေကယ်ဆယ်မှု ပြုလုပ်ပြီးနောက် သူ့ကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဆေးကုသမှုခံယူနိုင်ရန် စစ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ဘီထရာဝါတီဒေသသည် ရေကြီးမှုဒဏ် အဆိုးရွားဆုံးခံစားခဲ့ရသည့် ဒေသများအနက် တစ်ခုဖြစ်ပြီး ရေစီးနှင့် ရွှံ့နွံများကြောင့် နေအိမ်၊ ဈေးဆိုင်နှင့် အဆောက်အအုံအများအပြား ပျက်စီးနစ်မြုပ်ခဲ့ကာ လူရာပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ဆက်လက်ရှာဖွေလျက်ရှိပြီး ယခင်ရက်ပိုင်းကလည်း ဘီထရာဝါတီဈေးဧရိယာရှိ အဆောက်အအုံတစ်ခုအတွင်းမှ ရုပ်အလောင်း ၂၄ လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
Ref: ABS, CBN
