သီရိလင်္ကာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးဝန်ဆောင် မှုဌာနများနှင့် ဆေးရုံများသည် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ခြင်မှတဆင့် ကူးစက်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို အဆိုးရွားဆုံးရင်ဆိုင်နေရပြီး ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင် နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များကိုပါ အားကိုးအားထားပြုနေရသည်။
ခြင်ပေါက်ဖွားမှုကို နှိမ်နင်းသည့် စီမံချက်တွင် မိုးရွာသွန်းပြီးနောက် အိမ်ခေါင်မိုးများပေါ်ရှိ ရေဝပ်ေသာ နေရာများကို လေတပ်ဒရုန်းများဖြင့် လိုက်လံရှာဖွေခြင်းမှ အစပြု၍ အိမ်များ၊ အဆောက်အအုံများနှင့် စာသင်ကျောင်းများကို စစ်ဆေးရာတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ အကူအညီရယူခြင်းအထိတိုင် လုပ်ငန်းအစီအစဉ်များပါဝင်သည်။
ဇန်နဝါရီလမှစတင်၍ သေဆုံးသူ ၅၃ ဦးနှင့် ရောဂါကူးစက်သူ ၇၆,၀၄၄ ဦး ရှိပြီဖြစ်ကာ ပိုမိုပြင်းထန်သော မျိုးကွဲဗိုင်းရပ်စ်ကြောင့် ပျံ့နှံ့နေသော ကူးစက်ခံရသူအရေအတွက်သည် ၂၀၁၇ ခုနှစ် ရောဂါဖြစ်ပွားချိန်က မှတ်တမ်းတင်ခဲ့သော ကူးစက်သူ ၁၀၀,၀၀၀ ကျော်အရေအတွက်နှင့် နီးကပ်လာနေပြီဖြစ်သည်။
“လူနာအရေအတွက် အလျင်အမြန်တိုးလာတာကြောင့် ဆရာဝန်တွေအတွက်တော့ ခက်ခဲတာပဲ” ဟု ကိုလံဘိုမြို့၏ မြောက်ဘက် ၃၅ ကီလိုမီတာခန့်အကွာရှိ ရောဂါဖြစ်ပွားမှုအဆိုးရွားဆုံးဖြစ်နေသော ဒေသတစ်ခုဖြစ်သည့် နီဂွမ်ဘိုမှ အတိုင်ပင်ခံ လာလင်ဒြာ ဒီယက်စ်က ပြောကြားခဲ့သည်။
ရုတ်တရက်ကြီး ဆေးရုံသို့ လူနာအမြောက်အများ ရောက်လာခဲ့သည်ဟု ဇွန်လမှစ၍ နှစ်လနီးပါအတွင်း လူနာ ၁,၈၀၀ နီးပါးကို ကုသပေးခဲ့ရသော ခရိုင်အထွေထွေရောဂါကုဆေးရုံမှ ဒီယက်စ်က ဆက်လက်ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ကုသပေးခဲ့ရသော လူနာဦးရေ ၁,၀၅၀ ဦးသာရှိခဲ့ရာမှ မြင့်တက်လာခြင်းဖြစ်သည်။
ဇူလိုင်လ၏ ပထမနှစ်ပတ်အတွင်း လူနာ ၁၈,၀၀၀ ကျော်အထိ အလုံးအရင်းဖြင့်ရောက်ရှိလာခြင်းကို ကုသရန်အတွက် ဆေးရုံများသည် လူနာကုတင်များကို ထပ်ဖြည့် ထည့်ခြင်း၊ ဖျားနာသူများကို ပြုစုစောင့်ရှောက်သည့် လူနာဆောင်များအဖြစ်အသွင်ပြောင်းခြင်း၊ ဆရာဝန်များနှင့် သူနာပြုများ၏ အလုပ်ချိန် တိုးမြှင့်ခြင်းတို့ကို အလျင်စလိုလုပ်ဆောင်ခဲ့ရကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
Ref: သယ်စထရိတ်တိုင်းမ်စ်
