သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ အရှင်ဉာဏိဿရ သီတဂူဆရာတော်ကြီးထံသို့ ဩစတေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့၌ သာသနာပြုနေသည့် ဆရာတော် VEN. THICH POUOC TAN ဦးဆောင်သော ဗီယက်နမ် ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က စက္ခုဒါနအလှူအဖြစ် ငွေကျပ်သိန်းတစ်ထောင်ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ဗီယက်နမ်ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့အား စက္ခုဒါနအလှူတော်အကြောင်းအရာများ၊ သာသနာပြုလုပ်ငန်းဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံတွင် ငလျင်ဒဏ်သင့်ဒေသများ၌ သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို သီတဂူဆရာတော်ကြီးက ရှင်းလင်းမိန့်ကြားသည်။
ထို့နောက် ဗီယက်နမ်ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိခွဲစိတ်ကုသမှုခံယူနေသော မျက်စိဝေဒနာရှင်များအား လှူဒါန်းငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ပြီး အားပေးစကားပြောကြားခဲ့သည်။
အဆိုပါ ဗီယက်နမ်ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များနှင့် သာသနိကအဆောက်အအုံများပြုပြင်ရန်အတွက် သီတဂူဆရာတော်ကြီး ဦးဆောင်မှုနှင့်အတူ သွားရောက်လှူဒါန်းမည်ဖြစ်ပြီး ငလျင်ဒဏ်သင့် ဒေသခံပြည်သူ များအတွက်လည်း ကူညီလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။