သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊ ပင်လုံလမ်းနှင့် ဦးဝိစာရလမ်းဆုံမီးပွိုင့်နှင့် နာရီစင်မှတ်တိုင်အနီးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ပြုလုပ်မည့် သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူ၌ လာရောက်ကုသမှုခံယူလိုသူ များအား ဇွန် ၂၀ ရက်နံနက် ၇ နာရီမှစတင်၍ စာရင်းပေးသွင်းရန် ကြေညာထားခဲ့သည်။
ထိုသို့ ကြေညာထားသော်လည်း နံနက် ၄ နာရီမှစတင်ကာ တန်းစီစောင့်ဆိုင်းနေကြသူများရှိခဲ့ပြီး ကုသမှုခံယူလိုသူများပြားသဖြင့် တစ်ရက်တည်း၌ပင် လူဦးရေ(၁,၂၀၀)ကျော်သွားခဲ့၍ စာရင်းပိတ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စာရင်းပေးသွင်းလိုက်ရခြင်းမရှိသူများအနေဖြင့် သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၄ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက်သာ စာရင်းပေးသွင်းကုသမှုခံယူကြရန်လည်း မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။