ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ သမိုင်းအစဉ်အလာကြီးမားသည့် ကေတုမတီနန်းတော်ရာ၊ မြို့ရိုးနှင့် ကျုံးများကို စနစ်တကျ သုတေသနပြုဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် ဇွန် ၆ ရက်က တောင်ငူမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ကေတုမတီမြို့ဟောင်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ မြို့ရိုး၊ ကျုံးနှင့် နန်းတော်ရာ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို စစ်ဆေးပြီးနောက် ယင်းကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်သည်။
စစ်ဆေးစဉ် တောင်ငူကေတုမတီနန်းမြို့တော်နှင့် နန်းတော်ရာဟောင်း ဖော်ထုတ်ထိန်းသိမ်းနေမှု၊ အနောက်ဘက်မြို့ရိုး စင်တံခါးအနီး မြို့ရိုးဖော်ထုတ်မှု၊ မြောက်ဘက်ကျုံးနေရာရှိ ကျုံးမြို့ရိုးနှင့် နွံကျုံးတူးဖော်မှု၊ ရေကျုံးနံရံပြုပြင်ထိန်းသိမ်းမှု၊ ကျုံးရိုးလျှောက်လမ်းများ အဆင့်မြှင့်တင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတက သမိုင်းကြောင်းအရ ထင်ရှားခဲ့သည့် ဘုရင့်နန်းတော်များ၊ နန်းမြို့ရိုးများနှင့် ကျုံးများသည် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအမွေအနှစ်များဖြစ်သဖြင့် တတ်နိုင်သမျှ ဖော်ထုတ်ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်၏ သမိုင်းကြောင်းဆိုင်ရာ အထောက်အထားများကို ဖော်ထုတ်ကာကွယ်ထိန်းသိမ်းခြင်းသည် နိုင်ငံ၏တန်ဖိုးကို ထိန်းသိမ်းခြင်းပင်ဖြစ်ကြောင်း၊ ကေတုမတီနန်းတော်ရာ၊ မြို့ရိုးနှင့် ကျုံးများမှာ ဒဏ္ဍာရီမဟုတ်ဘဲ အမှန်တကယ်တည်ရှိခဲ့သည့် သမိုင်းဝင်အမွေအနှစ်များဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းအပြင် ရှေးဟောင်းအမွေအနှစ်နေရာများကို ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်းရန်နှင့် ကျုံးကူးတံတားများ၊ ဆက်စပ်လမ်းများ ပြန်လည်တည်ဆောက်ရာတွင် မူလရှေးဟောင်းလက်ရာ မပျက်စေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေးကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
