သဘောတူညီထားသော စည်းကမ်းသတ်မှတ်ချက်များကို ဖနွမ်းပင်ဘက်က လိုက်နာဆောင်ရွက်ပေးမှသာ နယ်စပ်တိုက်ပွဲများအတွင်း ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ထိုင်းနိုင်ငံက ပြန်လွှဲပေးမှာဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာထာဖွန် နာ့ခ်ဖာနစ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။
စစ်သားများ ပြန်လွှတ်မည့် ရက်စွဲအတိအကျကို ဗိုလ်ချုပ်ကြီး နာထာဖွန်က ထုတ်ဖေါ်ပြောကြားခြင်းမရှိသော်လည်း ကမ္ဘောဒီးယားဘက်က နယ်စပ်တွင် ချထားသော လက်နက်ကြီးများကို ရုပ်သိမ်းပြီး နယ်စပ်သတ်မှတ်နေရာငါးခုတွင် ထိုင်းနိုင်ငံကို မြေမြုပ်မိုင်းရှင်းလင်းမှုများ ဆောင်ရွက်ခွင့်ပြုပါက စစ်သားများကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လွှတ်ပေးနိုင်သည်ဟု ယူဆရသည်။
မိုင်းရှင်းရေး သတ်မှတ်ထားသော နေရာငါးခုကို ဝန်ကြီးက အတိအကျ ထုတ်မပြောသော်လည်း ယင်းနေရာများတွင် ပရာဆတ်တာကွေ ပတ်ဝန်းကျင်ဧရိယာများ မပါဝင်ဟု အစောပိုင်းတွင် အတည်ပြုထားခဲ့သည်။
နိုဝင်ဘာလ ၂၁ ရက်နေ့သည်နောက်ဆုံးသတ်မှတ်ရက် ဖြစ်ရာ အဆိုပါနေ့မတိုင်မီ နောက်သီတင်းပတ်တွင် သတ်မှတ်ချက်နှစ်ခုနှင့် ကိုက်ညီစေရေးကို ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ကမ္ဘောဒီးယားက ထိုင်းဘက်ကို ညှိနှိုင်းပြောကြားထားသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“ကမ္ဘောဒီးယားဘက်က သတ်မှတ်ချက်တွေကို ဖြည့်ဆည်းပေးတာ မြန်လေ သူတို့စစ်သားတွေကို လွတ်ပေးတာမြန်လေပါပဲ” ဗိုလ်ချုပ်ကြီး နာထာဖွန်က အစိုးရအိမ်တော်တွင် ပြောဆိုခဲ့သည်။
ကြာသပတေးနေ့တွင် ထွက်ပေါ်ခဲ့သော သတင်းများအရ စစ်အကျဉ်းသားများကို နိုဝင်ဘာလ ၁၂ ရက်နေ့၌ ချန်ထာဘူရီပြည်နယ်ရှိ ဘန်ဖက်ကတ် စစ်ဆေးရေးဂိတ်မှ ပြန်လွှတ်ပေးလိမ့်မည်ဟု ဖော်ပြထားသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့များအကြား အငြင်းပွားနယ်စပ်ဇုံများတွင် တို-က်ခို-က်မှုများဖြစ်ပွားခဲ့သည့် ဇူလိုင်လ ၂၉ ရက် နေ့ အစောပိုင်းက စီဆာကက်ပြည်နယ်၊ ကန်ထာရာလက်ခရိုင်တွင် ကမ္ဘောဒီးယားစစ်သားငါးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
Ref: ဘန်ကောက်ပို့စ်
