လာမည့် ဧပြီ ၁၁ ရက်မှ ဧပြီ ၁၉ ရက်အထိသည် မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ရုံးပိတ်ရက်များဖြစ်၍ ခရီး သွားလာမည့်သူများပြားမည်ဖြစ်ရာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအားအသုံးပြုသွားလာမည့် ယာဥ်များ၏ယာဥ်မောင်းများအနေဖြင့် အထူးသတိပြုမောင်းနှင်ရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။
လက်ရှိအချိန်၌ အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆၅/၁ နှင့် ၁၆၅/၃ အတွင်းရှိ ဆွာချောင်းတံတား (မန္တ လေးဘက်မှ ရန်ကုန်ဘက်)(အပြန်လမ်း)တွင်တံတားသစ်တည်ဆောက်ခြင်း၊ မိုင်တိုင်အမှန် ၁၈၈/၂ နှင့် ၁၈၈/၃ အတွင်း ရေပြွန်ပြုပြင်ခြင်းတို့ကိုလည်းပြုလုပ်လျက်ရှိသည်။
အဆိုပါ နေရာများ၌ လမ်းပြင်ဆင်ထိန်းသိမ်းခြင်း လုပ် ငန်းများဆောင်ရွက်နေသဖြင့် လမ်းအသုံးပြုသည့် ယာဉ်မောင်းများအနေဖြင့် သတိပြု၍အရှိန်လျှော့မောင်းနှင်ကြရန်လည်း မေတ္တာရပ်ခံထားသည်။
ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၂ဝ၂၆ ခုနှစ်၊ မတ် ၂၉ ရက်အထိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု(၁၇၄)မှုဖြစ်ပွားခဲ့ပြီး (၈၂)ဦးသေဆုံးကာ (၂၆ဝ)ဦးထိခိုက်ဒဏ်ရာရရှိထား သည်။
အဆိုပါ ယာဥ်မတော်တဆမှုများအားလုံး၏ (၈၀)ရာ ခိုင်နှုန်းခန့်သည် ယာဥ်မောင်းသူများအိပ်ငိုက်ခြင်းကြောင့်ဖြစ်၍ ယာဉ်မောင်းသူများအနေဖြင့် ၂ နာရီဆက်တိုက်မောင်းနှင်ပြီးပါက ခေတ္တအနားယူကြရန်နှင့် သတ်မှတ်ထားသော စည်းကမ်းချက်များကိုလိုက်နာကြရန်လည်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အသိပေးထားသည်။
