ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။
ဖေဖော်ဝါရီလ ၈ ရက် နေ့ရွေးကောက်ပွဲတွင် ပါတီအနိုင်ရခဲ့ပါက ဝန်ကြီးချုပ်ရာထူးအတွက် ယော့ချနန် ဝေါင်ဆာဝပ်ကို ဖြူထိုင်းက ပထမဦးစားပေးရွေးချယ် အဆိုပြုသွားမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် ဂျူလာပန် အမွန်ဝိဗတ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
ကိုယ်စားလှယ်လောင်းစာရင်းတွင် အခြားကိုယ်စားလောင်းနှစ်ဦးလည်းပါဝင်မည်ဖြစ်ပြီး ဂျူလာပန်ကိုယ်တိုင်နှင့် ဝါရင့်နိုင်ငံရေးသမား ဆူရီယာ ဂျွန်ရွန်ဂရန်ကစ်တို့ဖြစ်သည်။
“ပါတီတွင်း ဆွေးနွေးမှုတွေအရ ဖြူထိုင်းပါတီအတွက် ဝန်ကြီးချုပ်အဖြစ် အဆိုပြုဖို့ အသင့်တော်ဆုံး ပုဂ္ဂိုလ်ဟာ မစ္စတာ ယော့ချနန်ပဲဆိုတာ ထင်ရှားပါတယ်” ဟု ကိုယ်စားလှယ်လောင်းသုံးဦးကို တရားဝင်မိတ်ဆက်ခဲ့ပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဂျူလာပန်က ပြောကြားခဲ့သည်။
ဖြူထိုင်းပါတီ သာ အစိုးရပြန်ဖွဲ့နိုင်ခဲ့ပါက မစ္စတာ ယော့ချနန်သည် နိုင်ငံကိုအုပ်ချုပ်ရန်အတွက် လိုအပ်သော နည်းပညာသစ်များကို တတ်သိခြင်းနှင့် ခေါင်းဆောင်မှုစွမ်းရည်ရှိသူဖြစ်ကြောင်း ပါတီခေါင်းဆောင်က ချီးကျူးခဲ့သည်။
နယ်စပ်ပဋိပက္ခဖြစ်ပြီးနောက် ဇွန်လတွင် သက်ဆက်၏ သမီး ဝန်ကြီးချုပ်ဟောင်း ပေတုံတန်ရှင်နာဝပ်ထရာနှင့် ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဌ ဟွန်ဆန်တို့အကြား အငြင်းပွားဖွယ်ရာ ဖုန်းပြောဆိုမှုကြောင့် အရှက်ရစရာဖြစ်ခဲ့အပြီးတွင် ဖြူထိုင်းသည် ပါတီကိုပြန်လည်ထူမတ်ရန် ရုန်းကန်နေရသည်။
အသက် ၄၆ နှစ်အရွယ် မစ္စတာ ယော့ချနန်သည် မူလ ထိုင်းရတ်ထိုင်းပါတီကို စထူထောင်စဉ်ကတည်းက သက်ဆင်နှင့်အတူရှိခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် ပါတီဖျ-က်သိမ်းခံရကာ အမည်အမျိုးမျိုးပြောင်း၍ နောက်ဆုံး ဖြူထိုင်းပါတီအမည်ပြောင်းလိုက်သည်အထိ ဖြစ်သည်။ သူသည် ဝန်ကြီးချုပ်ဟောင်း ဆမ်ချိုင်း ဝေါင်ဆာဝပ်နှင့် သက်ဆင်၏ ညီမ ယောဝါဖာတို့၏ သားဖြစ်သည်။
Ref: ဘန်ကောက်ပို့စ်
