ဆိပ်ကမ်းမြို့ကို မူလအတိုင်း ပြန်လည်ဖွဲ့စည်းရန်နှင့် လှိုင်သာယာမြို့နယ်ကိုလည်း အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟု (၂) ပိုင်း ခွဲထားရာမှ တစ်မြို့တည်းပြည်လည်စုစည်းရန် ပြင်ဆင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် NLD အစိုးရ လက်ထက်တွင် ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်ရှိ ဆိပ်ကမ်းမြို့နယ်ကို ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဆိပ်ကမ်းမြို့နယ်မှ မော်တင်ယာယီဈေးရပ်ကွက်ကို ရန်ကုန်အနောက်ပိုင်းခရိုင် လမ်းမတော်မြို့နယ်အတွင်းသို့ ထည့်သွင်းဖွဲ့စည်းခဲ့ပြီး ဆိပ်ကမ်း မိသားစုရိပ်သာ၊ ရဲရိပ်သာရပ်ကွက်နှင့် ရေပိုင်နက် (၁၀၄)စတုရန်းမိုင်တို့ကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင် မြို့နယ်အတွင်းသို့ ထည့်သွင်းဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။
လှိုင်သာယာမြို့နယ်ကိုလည်း လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ဟု ပြင်ဆင်ဖွဲ့ စည်းထားခဲ့ခြင်းလည်း ဖြစ်သည်။
ယခုအခါ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်တို့ကိုပေါင်းကာ လှိုင်သာယာတစ်မြို့နယ်တည်း ပြန်လည်ဖွဲ့စည်းမည့်အပြင် ဆိပ်ကမ်းမြို့နယ်ကိုလည်း ယခင်အတိုင်း ပြန်လည်ထားရှိရန် စီစဥ်နေကြောင်း သိရသည်။
