အီရန်နှင့် အမေရိက-အစ္စရေးစစ်ပွဲကြောင့် ဒီဇယ်ဆီဈေးနှုန်းများ မြင့်တက်လာမှုသဖြင့် ထိုင်းနိုင်ငံ၏ ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိသော ငါးဖမ်းလုပ်ငန်းသည် ရပ်တန့်ရလုနီးပါးဖြစ်လာနေပြီး အစိုးရကသာ ကြားဝင်ဖြေရှင်းပေးခြင်းမရှိပါက ၎င်းတို့ငါးဖမ်းလှေများသည် ရက်အနည်းငယ်အတွင်း ရပ်နားထားရနိုင်ကြောင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများက သတိပေးခဲ့သည်။
ထိုင်းပင်လယ်ကွေ့ကမ်းရိုးတန်းတလျှောက်ရှိ အလယ်ပိုင်းပြည်နယ်တစ်ခုတွင်ရှိသော နိုင်ငံ၏ အကြီးဆုံးငါးဖမ်းဆိပ်ကမ်းတွင် ငါးဖမ်းလှေများ၏ ထက်ဝက်ကျော်သည် ဆိုက်ကပ်ထားခဲ့ရပြီးဖြစ်ကာ ဆက်လက်လည်ပတ်နေသော လှေများသည်လည်း ရက်အနည်းငယ်အတွင်း ရပ်တန့်ရဖွယ်ရှိကြောင်း ဆမွတ်ဆာခွန် ငါးရောင်းဝယ်ရေးအသင်းဥက္ကဌ ဂျမ်ပူးလ် ကာနာဝါရီးက ပြောကြားခဲ့သည်။
“ငါးဖမ်းလှေတွေဟာ လှေလုပ်သားတွေနဲ့ သူတို့မိသားစုဝင်တွေအတွက် ကုန်ကျစရိတ်ကို မခံနိုင်တော့တာကြောင့် ဧပြီလ ၁ ရက်နေ့နောက်ပိုင်းမှာ ရောင်းစရာငါးမရှိနိုင်တော့ကို မြင်တွေ့ရနိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ “သူတို့တွေ လုံလောက်တဲ့ ဝင်ငွေရရှိတော့မှာ မဟုတ်ပါဘူး” ဟု ဆိုခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အမေရိက၊ ဂျပန်နှင့် တရုတ်နိုင်ငံအပါအဝင် နိုင်ငံများသို့ ဒေါ်လာ ၇ ဘီလျံတန်ဖိုးရှိသော ငါးထုတ်ကုန်များကို တင်ပို့ခဲ့သည်ဟု အစိုးရ၏ အချက်အလက်များတွင် ဖော်ပြသည်။
ထိုသတင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ထိုင်းငါးလုပ်ငန်းဌာနက လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိသော်လည်း အစိုးရသည် ထိုင်းငါးဖမ်းသမားများကို ထောက်ပံ့မည့်အစီအစဉ်တစ်ခုကို ပြင်ဆင်နေပြီး ၎င်းတွင် B20 ဘိုင်အိုဒီဇယ်နှင့် စားအုန်းဆီများ ဈေးထပ်မံမြင့်တက်ခြင်းမှ ကာကွယ်ရန်ပါဝင်ကြောင်း ထိုင်းဘဏ္ဍာရေးဝန်ကြီး အက်ခ်နီထီ နီထီထန်ပရာပက်စ်က မတ်လ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
အရာရှိများ၏ အဆိုအရ ထိုင်းနိုင်ငံတွင် အရန်ရေနံ ရက်ပေါင်း ၁၀၀ စာခန့်ရှိသည်ဟု ဆိုသည်။
အစိုးရထောက်ပံ့ကြေးများ ရပ်ဆိုင်းလိုက်ပြီးနောက် ထိုင်းဒီဇယ်ဈေးနှုန်းများသည် မတ်လ ၂၆ ရက်တွင် တစ်လီတာလျှင် ၃၈ ဒဿမ ၉၄ ဘတ်အထိ ရောက်ရှိခဲ့ပြီး အရှေ့အလယ်ပိုင်းပဋိပက္ခမဖြစ်ပွားခင် ဖေဖော်ဝါရီလက တစ်လီတာလျှင် ၂၉ ဒဿမ ၉၄ ဘတ်သာရှိရာမှ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
Ref: ဘန်ကောက်ပို့စ်
