ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကရင်ပြည်နယ်လူငယ်စင်တာ၌ လူငယ်များအား နိုင်ငံ့အရေးများ၊ ခေါင်းဆောင်မှုပညာရပ်များကို အခြေခံအားဖြင့်သင်ကြားပေးရမည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
ယနေ့ နိုဝင်ဘာ ၁၅ ရက်က ကရင်ပြည်နယ် လူငယ်စင်တာအား ကြည့်ရှုစစ်ဆေးစဥ် ယာယီသမ္မတမှ တာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။
လူငယ်များသည် နောင်အနာဂတ်၌ လူကြီးများ၏တာဝန်များကို လွှဲပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်၍ သိသင့်သိထိုက်သည့်၊ တတ်သင့်တတ်ထိုက်သည့် အသိပညာ၊ အတတ်ပညာများ၊ နိုင်ငံ့အရေးများ၊ ခေါင်းဆောင်မှုပညာရပ်များကို အခြေခံအားဖြင့်သင်ကြားပေးရမည်ဟု မှာကြားသည်။
စင်တာအား အကျိုးရှိရှိအသုံးချရန်၊ ကရင်ပြည်နယ်အတွက် တို-က်ရို-က်အကျိုးဖြစ်စေနိုင်မည့်သင်တန်းများ၊ လုပ်ငန်းခွင်တွင် တို-က်ရို-က်အသုံးချနိုင်မည့် အတတ်ပညာသင်ကြားပေးရန်၊ စည်းကမ်းစနစ်တကျနေထိုင်သွားလာတတ်ပြီး အသိအမြင်ကောင်းစွာလုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး ဆောင်ရွက်ပေးရန်တို့ကိုလည်း မှာကြားခဲ့သည်။
ထို့နောက် ယာယီသမ္မတသည် လူငယ်စင်တာအတွင်း၌ လူငယ်များ Indoor Game များလေ့ကျင့်နေမှု၊ လူငယ်စကားဝိုင်းပြုလုပ်နေမှု၊ အိမ်တွင်းမှုလုပ်ငန်းများ သင်ကြားနေမှု၊ ဂီတခန်းအတွင်း ဂီတပညာများသင်ကြားနေမှု၊ ပန်းချီသင်တန်းသင်ကြားပို့ချပေးနေမှု၊ ကွန်ပျူတာနည်းပညာများသင်ကြားပေးနေမှု၊ စာကြည့်တိုက်အတွင်း လူငယ်များစာပေဖတ်ရှုလေ့လာနေမှုနှင့် အိပ်ခန်းများနှင့် စားသောက်ခန်းတို့အတွင်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။
