ယနေ့ ဧပြီ(၂၂)ရက် နံနက်ပိုင်းအချိန်က လားရှိုးမြို့သို့ စတင်ဝင်ရောက်လာသည့် တပ်မတော်စစ်ကြောင်း အနေဖြင့်ထောက်ပို့တပ် အပါအဝင် ခလရ (၄၁) တပ်တို့တွင် တပ်နေရာနေရာချထားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
” မြို့တွင်းမှာအေးဆေးပါဘဲ၊ အခု (၆၂၆)ထောက်ပို့တပ်နဲ့ ခလရ (၄၁) တပ်တွေမှာ တပ်နေရာချထားတာတွေလုပ်နေတာတွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ယနေ့ ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်းတွင် တပ်မိသားစုဝင်များ ပါဝင်လာသည်ကို တွေ့ရသော်လည်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများပါဝင်လာသည်ကိုမတွေ့ရှိရကြောင်း ၎င်းက သူမြင်တွေ့ရသည်ကို ပြောကြားသည်။
လားရှိုးမြို့အုပ်ချုပ်ရေးဆိုင်ရာအတွက် တပ်မတော်နှင့် ကိုးကန့်တပ်တို့အကြား မည်သို့ ညှိနှိုင်းဆောင်ရွက်သွားမည်ကိုမသိရှိရသေးကြောင်းလည်း ၎င်းကဖြည့်စွက် ပြောကြားသ ည်။
“မနက်ကတော့ တပ်မတော်ကသူတွေရော ကိုးကန့်ရဲတွေရော သွားလာနေတာတွေ့ရတယ်။ လက်ဖက်ရည်ဆိုင်ထိုင်သောက်နေတာမျိုးလည်းတွေ့ရတယ်။အေးအေးဆေးဆေးပါ ကိုးကန့်အလံတွေတော့ ဖြုတ်ချထားပါတယ်”ဟု ၎င်းက ဆိုသည်။
ယနေ့ နံနက်ပိုင်းအချိန်တွင် ယာဉ်အစီးရေ ရာနှင့်ချီသည့် တပ်မတော်ယာဉ်တန်းမှာ လားရှိုးမြို့သို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အလံများ လွှင့်ထူကာ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ကိုးကန့်တပ်ဘက်က လုံခြုံရေးယူကာ သွားရောက်ကြိုဆိုခြင်းမျိုးများတွေ့ရှိရသည်ဟု သိရသည်။
ဓာတ်ပုံ-Nay Myo