ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ MNDAA အဖွဲ့များ ဆုတ်ခွာပြီးနောက် မြို့အတွင်းသို့ တပ်မတော်မှ ဝင်ရောက်နေရာယူလျက်ရှိကြောင်းနှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်လာနိုင်ကြောင်း လူမှုကွန်ရက် သတင်းရင်းမြစ်များက ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။
ယခုလ ဧပြီလ ၁၉ ရက်နေ့တွင် တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း လားရှိုးမြို့တွင်း ရောက်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် တပ်မတော်နှင့် MNDAA ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တပ်မတော်နှင့် MNDAA နှစ်ဖက်လုံးမှ တရားဝင်သတင်းထုတ်ပြန်မှုများ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
သဘောတူညီမှုများအရ MNDAA တပ်ဖွဲ့များသည် ဧပြီ ၂၁ ရက်နေ့နောက်ဆုံးထား၍ လားရှိုးမြို့တွင်းမှ ဆုတ်ခွာပေးရကြောင်း၊ တပ်မတော်နှင့် ဌာနဆိုင်ရာများ ဝင်ရောက် နေရာယူသည့် လုပ်ငန်းစဉ်များကို အနှောင့်အယှက်မပြုနိုင်စေရန် “ဝ” တပ်ဖွဲ့များသည် လုံခြုံရေးယူပေးရကြောင်းလည်း ရေးသားဖော်ပြကြသည်။
ယနေ့ ဧပြီလ ၂၂ ရက်နေ့မနက်ပိုင်းတွင်လည်း မော်တော်ယာဉ်များစွာပါဝင်သည့် တပ်မတော်မှ ယာဉ်တန်းများထပ်မံဝင်ရောက်လာကြောင်းနှင့် တပ်စခန်းနေရာအချို့တွင် အခြေချလျက်ရှိကြောင်း တွေ့ရှိရသည်။
လားရှိုးမြို့တွင်းသို့ တပ်မတော်၏ အခြေချမှုနှင့်အတူ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများလည်း ထပ်မံရောက်ရှိလာဖွယ်ရှိကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်သွားနိုင်ကြောင်း သုံးသပ်ရေးသားမှုများလည်း တွေ့ရသည်။
ထို့ပြင် လားရှိုးမြို့တွင်းသို့ တပ်မတော်မှ ဝင်ရောက်နေရာယူလာပြီးနောက် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် တာဝန်ရှိသူများ ဆွေးနွေးနေ ကြောင်းလည်း သိရသည်။