ရှမ်း/မြောက် လားရှိုးမြို့တွင် လာမည့် မေ(၁)ရက်မှစတင်၍ ဌာနဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ဖွယ်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။
ယမန်နေ့ နံနက်ပိုင်းမှစတင်၍ တပ်မတော်က လားရှိုးမြို့သို့ ဝင်ရောက်လာပြီး တပ်နေရာချထားမှုများကို စတင် လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ၊ လက်ရှိတွင် လားရှိုး -သိန္ဒီ သွားလမ်းပိုင်းတစ်ဖက်တွင် လုံခြုံရေးတာဝန်များရယူထားသည်ဟုဆိုသည်။
“ဒီလကုန်ပိုင်းလောက် တောင်ကြီးဘက်က ဌာနဆိုင်နဲ့မိသားစုတွေပြန်ဝင်လာမယ်လို့တော့ သိရတယ်။ အခုကတော့ မြို့မှာအေးဆေးပါပဲ။ တပ်(မြန်မာတပ်မတော်)ဘက်တော့ လုံခြုံရေးယူသင့်တဲ့နေရာတွေ ယူနေပါတယ်”ဟု ၎င်းက ဆိုသည်။
ယခု ဧပြီလကုန်ပိုင်းတွင် အဓိကဌာနဆိုင်ရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၊ လူမှုကြီးကြပ်ရေးဦးစီး ဌာနတို့ ဦးဆုံးဝင်ရောက်လာနိုင်ဖွယ်ရှိသည်ဟုလည် ၎င်းက ဖြည့်စွက်ပြောကြားသည်။
ယမန်နေ့ နံနက်ပိုင်းအချိန်တွင် ယာဉ်အစီးရေ ရာနှင့်ချီသည့် တပ်မတော်ယာဉ်တန်းမှာ လားရှိုးမြို့သို့ မြန်မာနိုင်ငံအလံနှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အလံများလွှင့်ထူ၍ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ တပ်စခန်းနေရာအချို့တွင် အခြေချနေရာယူခြင်းများ ပြုလုပ်ခဲ့သည်။