လပိုင်းအတွင်း ထိုင်းဘတ်ငွေတန်ဖိုး စံချိန်တင်မြင့်တက် ၊ ထိုင်းငွေ (၁) ဘတ်လျင် မြန်မာငွေ (၉၀) ကျပ် နီးပါးအ ထိ ဖြစ် လာ
ထိုင်း – မြန်မာ ငွေလဲဈေးနှုန်း ကွာဟမှုများ အဆမတန်မြင့်တက်လာပြီး ကျပ်ငွေတန်ဖိုးထိုးကျကာ ထိုင်းငွေဈေး နှုန်း အဆမတန်မြင့်တက်သွားကြောင်း ဒေသတွင်း သ တင်း ရင်းမြစ်များထံမှ သိရသည်။
ယနေ့ ဩဂုတ် (၂၅) ရက် ပေါက်ဈေးအရ ထိုင်း – မြန်မာ ငွေလဲဈေးကွက်အတွင်း ထိုင်းဘတ်ငွေ (၁) ဘတ်လျင် မြန်မာငွေ (၈၅) ကျပ်အထိ ဈေးပေါက်နေပြီး နေရာ ဒေသအလိုက် ဈေးနှုန်း ကွာဟမှုများ ရှိနိုင်ကြောင်း သိရသည်။
ထိုင်း – မြန်မာ နယ်စပ် မြဝတီမြို့ ငွေလဲနှုန်းအရ ထိုင်းငွေ (၁) ဘတ်လျင် (၈၃) ကျပ်မှ (၈၅) အထိ အစားစားဈေးပေးနေကြပြီး ထိုင်းနိုင်ဘက်ခြမ်း မဲဆောက်မြို့နှင့် ဘန် ကောက်မြို့ ငွေလဲဈေးနှုန်းများမှာ (၁) ဘတ်လျင် (၈၄) ကျပ်မှ (၈၆) ကျပ်အထိ ဈေးပေါက်နေကြောင်း သိရသည်။
” မြဝတီမှာ မနက်က ပေါက်ဈေး ၈၃ ကျပ်ကနေ ၈၅ ကျပ်အထိ ရှိတယ်။ အစားစားပေါ့နော်။ မဲဆောက်မှာ တချို့က (၈၄) ကျပ် ၊ တချို့က (၈၆) အဲလိုယူကြတယ်။ ဘန်ကော က်မှာတော့ (၈၄) ကျပ်ပတ်လည် ရှိတယ် ။ သူ့နည်း သူ့ဟန်နဲ့ လုပ်ကြတာပေါ့။ တရားဝင်တော့ မဟုတ်ဘူး ” ဟု မဲဆောက်မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံသား တစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။
ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းအထိ ထိုင်း – မြန်မာ ငွေလဲနှုန်းမှာ ထိုင်းငွေ (၁) ဘတ်လျင် မြန်မာငွေ (၅၆) ကျပ်မှ (၅၈) ကျပ်သာ ဈေးပေါက်နေရာမှ ဒေါ်လာဈေးနှုန်း ဂယက်ထခဲ့သည့်အချိန်မှစတင်ကာ တရှိန်ထိုး မြင့်တက်လာခြင်းဖြစ်ကာ ယနေ့ပေါက်ဈေးအထိ မြင့်တက်လာခြင်း ဖြစ် သည်။
ယင်းကဲ့သို့ ငွေဈေး မတည်မငြိမ်ဖြစ်ကာ မြင့်တက်နေခြ င်းမှာ ဝိသမလောဘသားများ၏ ငွေဈေးကစားမှုကြောင့် အဓိက ဖြစ်ပေါ်နေရခြင်း ဖြစ်ပြီး အစိုးရကလည်း ထိရော က်စွာ ထိန်းချုပ်နိုင်ခြင်း မရှိကြောင်း မြဝတီမြို့မှ ငွေလဲ လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။
” ထိုင်းက မြန်မာလုပ်သားတွေနဲ့ ပို့ကုန်သမားတွေတော့ အသက်ရှူချောင်တာပေါ့။ ဒါပေမဲ့ သွင်းကုန်သမားတွေ ကွဲပြီ။ ထိုင်းထီဈေးတောင် အခု ၉၀၀၀ ဖြစ်သွားပြီ။ အစ် မတို့ ရောင်းဈေးနော်။ ပြီးတော့ အစ်မ ဟိုတစ်ခါပြောဖူးတယ်မလား။ ဈေးကစားနေကြတာ။ ဒါကို ထိထိရောက်ရောက်မထိန်းနိုင်ဘူး ။ ဈေးထဲက ခုန်အသေးလေးတွေ လိုက်ဖမ်းတယ်။ တကယ်တမ်း ဈေးကစားတဲ့သူကိုကျ မဖမ်းနိုင်ဘူး” ဟု အဆိုပါ ငွေလဲ လုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးက ပြောသည်။
ယခု ငွေဈေးတက်မှု နှုန်းအတိုင်း ဆက်လက် မြင့်တက် နေဦးမည် ဆိုပါက ယခုလမကုန်မီ (၁၀၀) ကျပ် အထိ ရောက်သွားနိုင်သည့်အလားအလာရှိနေပြီး ထိုင်းကုန်စည် တင်သွင်းမှုတွင် ခက်ခဲမည့်အခြေအနေရှိကြောင်း စီးပွားရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။