မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့၏နယ်နိမိတ်တစ်လျှောက်တွင်လက်ရှိဖြစ်ပေါ်နေသော နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ထိုင်း၊ လာအိုနိုင်ငံတို့နှင့်ပူးပေါင်းဆောင်ရွက်မည်ဟု မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီက အသိပေးခဲ့သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စွန့်ပစ်အမှိုက်များကို မီးရှို့ခြင်းမပြုလုပ်ဘဲ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးကဏ္ဍတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန်လည်း တိုက်တွန်းနှိုးဆော်ခဲ့သည်။
လက်ရှိအချိန်၌ စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံမိုး လေဝသစောင့်ကြည့်လေ့လာရေးဗဟိုဌာန(ASMC)၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံအပါအဝင် အာဆီယံမြောက်ပိုင်းဒေသဖြစ်သည့် မဲခေါင်ဒေသခွဲနိုင်ငံများတွင် မတ် ၂၇ ရက်မှစ၍ Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုသတိပေးချက်အဆင့်(၃)သို့ စတင်ရောက်ရှိပြီဖြစ်သည်။
ထို့ပြင် မဲခေါင်ဒေသတွင် ခြောက်သွေ့ရာသီဥတု ဆက် လက်ဖြစ်ပေါ်နေပြီး Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုပိုမိုများပြားလာနိုင်ကာ NOAA-20 ဂြိုဟ်တုမှ စောင့်ကြည့်လေ့လာမှုအရ မတ် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် မဲခေါင်ဒေသအတွင်း Fire Hotspot (၂,၈၀၆)ခုနှင့် (၃,၁၃၉)ခုဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့၏ နေရာအနှံ့အပြား၌လည်းတွေ့ရှိခဲ့ရသည်။
မဲခေါင်ဒေသခွဲတွင် အလယ်အလတ်မှ သိပ်သည်းသည့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှုများကို လေ့လာတွေ့ရှိခဲ့ရ၍ လာမည့်သီတင်းပတ်များအတွင်း မဲခေါင်ဒေသခွဲ၏ နေရာအများစုတွင် မိုးခေါင်သောအခြေအနေများဆက်လက်တည်ရှိမည်ဟုခန့်မှန်းထားပြီး လေတိုက်ခတ်မှုများ သည် အများအားဖြင့် တောင်ဘက်(သို့)အနောက် တောင်ဘက်မှတိုက်ခတ်မည်ဟုခန့်မှန်းထားကာ Fire Hotspot များနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုပိုမိုဆိုးရွားလာနိုင်ပြီး မဲခေါင်ဒေသအတွင်း နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ဖြစ်ပေါ်မှုအန္တရာယ်ပိုမိုမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။
