ပည်ထောင်စုနေ့” အထိမ်းအမှတ်အဖြစ် ကျင်းပလျက်ရှိသော လက်ဖက်ပွဲတော်၏ (၃) ရက်မြောက်နေ့တွင် လက်ဖက်စိုကို စားဖွယ် အမျိုးစုံ ပြင်ဆင်ထားသော လက်ဖက်ပဒေသာပွဲ ကျင်းပခဲ့သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြည်ထောင်စုနေ့” အထိမ်းအမှတ်အဖြစ် လက်ဖက်ပွဲတော်ကျင်းပလျက်ရှိရာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သံရုံးများမှ သံအမတ်များ၊ မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းနှင့် ပွဲတော်သို့လာရောက်လည်ပတ်သူများစွာဖြင့် စည်ကားခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းမှ အမှာစကားပြောကြားကာ၊ မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ဉက္ကဌ ဒေါ်စန္ဒာခင်မှ လက်ဖက်ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း၏ အကြံပေး ဒေါ်ဆွေဇင်ထိုက်မှ လက်ဖက်စိုနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဖွယ်ဖွယ်ရာရာ ခင်းကျင်းပြသထားသော ပုံစံစုံ ဒီဇိုင်းစုံ လက်ဖက်စားဖွယ်များအား ဝန်ကြီးချုပ်မှ လိုက်လံကြည့်ရှုရာ သိလိုသည်များကို တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြသည်။
အဆိုပါ လက်ဖက်ပဒေသာပွဲတွင် မြန်မာတိုင်းရင်းသားများစားသုံးသည့် လက်ဖက်ပုံစံထက်ကျော်လွန်ကာ နိုင်ငံတကာတွင်စားသုံးနိုင်သည့် ပုံစံ (၁၄) မျိုးကို ခင်းကျင်းပြသထားခြင်းဖြစ်သည်။
ပွဲတော်အတွင်းတွင် တိုင်းရင်းသားအစားအစာဆိုင်များ၊ လက်ဖက်ဆိုင်များ၊ အကြော်ဆိုင်များ စသည်ဖြင့် ဖွယ်ဖွယ်ရာရာ ခင်းကျင်းရောင်းချလျက်ရှိကာ၊ လက်ဖက်ပဒေသာတွင် ခင်းကျင်းပြသထားသော ပုံစံစုံဒီဇိုင်းစုံလက်ဖက်စားဖွယ်များအား ပွဲတော်လာဧည့်ပရိသတ်များမှ စိတ်တိုင်းကျ မြည်းစမ်းသုံးဆောင်ခဲ့ကြသည်။
ယခုကျင်းပလျက်ရှိသော ပွဲတော်သည် မြန်မာ့သနပ်ခါးအားယူနက်စကိုတင်သွင်းခဲ့ပြီးနောက် ယခုအခါ လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအသိအမှတ်အဖြစ်လက်ဖက်ကို ထပ်မံတင်သွင်းနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သဖြင့် မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းတို့ ပူးပေါင်းကာ “ပြည်ထောင်စုနေ့” အထိမ်းအမှတ်အဖြစ် လက်ဖက်ပွဲတော်ကို စိမ်းလန်းစိုပြေဂါးဒင်း၌ ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၄ ရက်ထိ (၄)ရက်ကြာကျင်းပပြုလုပ်နေခြင်း ဖြစ်သည်။
