ယခုနှစ် ၂၀၂၅ ခုနှစ်အတွင်းယှဉ်ပြိုင်ရမည့် နိုင် ငံတကာပြိုင်ပွဲများအတွက် ပြိုင်ပွဲအကြိုပြင် ဆင်မှုအနေဖြင့် နီပေါနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၄)နိုင်ငံ အမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပြိုင်ပွဲတစ်လျောက်ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဖြစ်ခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအ သင်းသည် ဗိုလ်လုပွဲအဖြစ် ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်ည ၆ နာရီ ၄၅ မိနစ်က အိမ်ရှင်နီပေါအသင်းနှင့် အကြိတ်အနယ်ယှဥ်ပြိုင်ကစားခဲ့ပြီးနောက် ပွဲပြီးဆုံးချိန်တွင် ၂ ဂိုး ဂိုးမရှိရလဒ်ဖြင့်နိုင်ပွဲရရှိကာ ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် မျိုးမြမြငြိမ်း၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊ ခင်မိုမိုထွန်း၊ ရူပါခိုင်၊ လင်းလဲ့ဦး၊ ယွန်းဝတီလှိုင်၊ ခင်မျိုးသန္တာထွန်းတို့ဖြင့် ပွဲထွက်ယှဥ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်းပွဲကစားချိန်ပြီးဆုံးချိန်အထိ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်းပွဲကစားချိန်အားဆက်လက်ယှဥ်ပြိုင်ကစားရာ၌ မြန်မာ့လက်ရွေးစင်အ မျိုးသမီးအသင်းသည် ဝင်းသိင်္ဂီထွန်းနှင့် ရူပါခိုင်တို့၏သွင်းဂိုးများဖြင့် ပွဲပြီးဆုံးချိန်၌နိုင်ပွဲရရှိကာ ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဖြစ်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပြိုင်ပွဲတစ်လျောက် ၄ သင်းပတ်လည်ယှဥ်ပြိုင်ကစားရာ၌ လက်ဘနွန်အသင်းအား ၃ ဂိုး ၁ ဂိုး၊ ကာဂျစ္စတန်အသင်းအား ၅ ဂိုး ဂိုးမရှိရလဒ်တို့ဖြင့်အနိုင်ယူခဲ့ကာ ဖေဖော်ဝါရီ ၂၃ ရက်အိမ် ရှင်နီပေါအသင်းနှင့်ပွဲစဥ်တွင်လည်း ၂ ဂိုး ၂ ဂိုးရလဒ်ဖြင့် သရေကျခဲ့သည်။
ထိုသို့ ယှဥ်ပြိုင်ကစားခဲ့ပြီး ထိပ်ဆုံးနှစ်သင်း ဗိုလ်လုပွဲယှဥ်ပြိုင်ကစားရမည့်စည်းမျည်းကြောင့် ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်တွင် အိမ်ရှင်နီပေါအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။