ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ်တွင် ချောင်းရေနှင့် မြစ်ရေလျှံနေသည့်အတွက် ရပ်ကွက်အတွင်းမှ ပြည်သူများ သဘာဝဘေးနှင့် ရင်ဆိုင်ကြုံတွေ့ရသဖြင့် ရေဘေးလွတ်ရာသို့ ကူညီပို့ဆောင်ပေးနေရကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ် ဇော်ဂျီရပ်ကွက်နှင့် ဥတ္တားရပ်ကွက်တို့တွင် ဇော်ဂျီချောင်းနှင့် ဇော်ဂျီမြစ်ရေမှာ စက်တင်ဘာ (၃) ရက် ညပိုင်းက စတင် မြင့်တက်လာသည့်အတွက် Southern Shan State Red Cross အနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ကူညီပေးခဲ့ခြင်းဖြစ်သည်။
ရပ်စောက်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးကျော်မြင့်သိန်းမှ ဦးစီးကာ ရပ်စောက်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ကြက်ခြေနီစေတနာ့လုပ်အားရှင်များမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းကာ ရေဘေးသင့်ပြည်သူများအား နေရာရွေ့ပြောင်းခြင်း၊ နေရာချထားပေးခြင်းများ ပြုလုပ်ပြီး ယာယီစခန်းများတွင် လိုအပ်မှုများအား ကူညီလုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။



