ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၏ ရှေးဟောင်းသမိုင်းဝင် ရွှေဥမင်သဘာဝ လိုဏ်ဂူတော်ဘုရား ဗုဒ္ဓပူဇနိယပူဇော်ပွဲ (တပေါင်းပွဲတော်)ကို တပေါင်းလဆန်း (၁၀) ရက်မှ လပြည့်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပူဇော်ပွဲ(တပေါင်း ပွဲတော်)တွင် ရွှေဥမင် သဘာဝလိုဏ်ဂူတော် အတွင်းရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် (၈၀၉၄) ဆူအား ဆွမ်းခဲဖွယ် ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများထွန်းညှိပူဇော်ခြင်း၊ နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ဓနုဒေသ ပင်းတယမြို့နယ်လုံးကျွတ်သံဃာတော်များ၊ ရပ်နီးရပ်ဝေးမှ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်ခြင်းနှင့် ဆွမ်း ဆန်စိမ်းများ လောင်းလှူခြင်းစသည်တို့ကို ဓနုဒေသနေ ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ ပလောင်၊ ရှမ်း၊ အင်းသား၊ ဗမာ စသည့်တိုင်းရင်းသားများက ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသ ည်။
ထို့ပြင် ဓနုတိုင်းရင်းသားများဆုံဆည်းရာနေ့အခမ်းအနား ကျင်းပခြင်း၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် လပြည့်နေ့၌ အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းများကိုလည်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်သို့ ရပ်နီးရပ်ဝေးမှဈေးသည်များ လာရောက်ဖွင့်လှစ် ရောင်းချနိုင်သလို အားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်း ကျင်းပမည်ဖြစ်ကာ ဇာတ်သဘင်နှင့် တွဲဖက်၍ ဓနုဒေသနေ တိုင်းရင်းသားများ ကပြဖျော်ဖြေခြင်းများနှင့် အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
