ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၅ ခုနှစ်၏ပထမ ၆ လတာအတွင်းပြည်တွင်း၊ ပြည်ပမှဘုရားဖူးဧည့်သည် ၃ ဒသမ ၅ သန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း စေတီတော်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
ယခုနှစ်ဇန်နဝါရီလမှ ဇွန်လကုန်အထိ ၆ လတာကာလအတွင်း ဘုရားဖူးဝင်ရောက်မှုအနေဖြင့် သံဃာတော် ၆၇,၇၁၅ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၃၇,၂၂၁ ပါးတို့နှင့်အတူ အမျိုးသား ၁,၅၃၂,၅၁၀ ဦး၊ အမျိုးသမီး ၁,၈၄၀,၂၉၃ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ နိုင်ငံခြားသား ၁၇,၉၀၇ ဦး၊ နိုင်ငံခြားသူ ၂၀,၈၁၂ ဦးဝင်ရောက်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါကာလများအတွင်း ဘုရားဖူးဝင်ရောက်မှုများသည် ရုံးဖွင့်ရက်များ၌ တစ်ရက်လျှင် အနည်းဆုံးလူဦးရေ တစ်သောင်းဝန်းကျင်မှ လေးသောင်းဝန်းကျင်အထိ လာရောက်ကြပြီး နေ့ကြီးရက်ကြီးနှင့် ရုံးပိတ်ရက်များတွင် ဘုရားဖူးပိုမိုများပြားကြောင်းသိရသည်။
